Thursday, August 29, 2013

င၀န်မြစ်အတွင်း ရှပ်ပြေးရေယာဉ်နှင့် စက်လှေဝင်တိုက်မိရာမှ စက်လှေပေါ် ပါလာသူတစ်ဦး ပျောက်ဆုံးနေ

သြဂုတ် ၂၈ ရက် နံနက် ၉ နာရီ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ်အပိုင် င၀န်မြစ်အတွင်း ရှပ်ပြေးရေယာဉ်နှင့် စက်လှေတစ်စီး ၀င်တိုက်မိရာမှ စက်လှေပေါ် လိုက်ပါလာသူ ငါးဦးအနက် အမျိုးသမီးတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းမေးမြန်းကြည့်ရာ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းငူကျေးရွာ အလွန်တွင် င၀န်မြစ်အတွင်း မောင်းနှင်နေသည့် ရှပ်ပြေးရေယာဉ်မောင်း ဆလင်ဦးဝင်းဘို မောင်းနှင်လာသည့် နဒီရွှေဇင် ရှပ်ပြေးရေယာဉ်သည် ငပုတောမြို့နယ် သင်္ကန်းကုန်း ကျေးရွာဘက်မှ ပုသိမ်မြို့ဘက်သို့ ခရီးသည် ၆၀ ဦးခန့်အား တင်ဆောင်မောင်းနှင်လာစဉ် အိမ်မဲမြို့နယ်၊ ခေါက်လန်ကုန်းကြီး ကျေးရွာသို့ ပြန်ရန်အတွက် လူငါးဦး တင်ဆောင်ကာ စက်လှေနှင့် ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တိုက်မှုကြောင့် စက်လှေပေါ်တွင် လိုက်ပါလာသူ အမျိုးသားလေးဦး၊ အမျိုးသမီး တစ်ဦးအနက် စက်လှေအား ရေကြောင်းပြရန် လိုက်ပါခဲ့သူဖြစ်သည့် မနန့်ချိုချိုအေးမှာ စက်လှေနှင့်အတူ နစ်မြုပ်ကာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်မြို့ အသည်ကြီး ရဲစခန်းတွင် လာရောက်အကြောင်းကြားခဲ့မှုကို အသည်ကြီး ရဲစခန်း မှူးရဲအုပ်ရန်နိုင်လတ်က အခင်းဖြစ်နေရာပိုင်ဖြစ်သည့် ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ပျောက်ဆုံးသူ တွေ့ရှိနိုင်ရေးနှင့် အမှုမှန်ပေါ်ရေးအတွက် သက်ဆိုင်ရာ ကန်ကြီးထောင့် ရဲစခန်းမှ စုံစမ်းစစ်ဆေးလျက် ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။