Thursday, August 29, 2013

မိုးသည်းထန်စွာ ရွာသွန်းပြီး င၀န်မြစ်ရေတက်၍ ဟင်္သာတခရိုင် လေးမျက်နှာမြို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့

M-29-8ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့၌ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ နေ့ညမပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနောက်ရိုးမ တောင်တန်းနှင့် ကွင်းရေများ အဆမတန် စီးဆင်းလာသဖြင့် င၀န်မြစ်ရေမှာ ကမ်းလုံးပြည့်လျှံကာ လူနေအိမ်များ၊ ဘုရားစေတီအချို့ နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီး လယ်မြေဧကများစွာ ပျက်စီးဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း၊ င၀န်မြစ်တစ်လျှောက်ရှိ ကျေးရွာအိမ်ခြံမြေအချို့ ကမ်းပြိုပျက်စီး ဆုံးရှုံးခံရနိုင်ကြောင်း၊ ငှက်ပျော၊ ကလော စသည့်ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးဖြစ်သူ လေးမျက်နှာမြို့နေ ကိုကျော်ကျော်က "၀ါဆိုလပြည့်ကျော်က င၀န်မြစ်ရေ တော်တော်လေး တက်လာတာ တချို့အိမ်တွေဆိုရင် အဆင့်တွေ နစ်မြုပ်လာလို့ အသိမိတ်ဆွေ အိမ်တွေမှာ ပြောင်းရွှေ့နေရတယ်။ ယခုတက်လာတဲ့ရေက ဒုတိယအကြိမ်ပါ။ အရင်ရေမမီဘူးလို့ ထင်နေရပေမယ့် မိုးကတစ်မိုးပြီးတစ်မိုး သည်းထန်စွာ အဆက်မပြတ် ရွာနေတာရယ်၊ ရက်ရှည်လာတာရယ်၊ မြစ်ရေတက်လာတာရယ်ကြောင့် ပထမရေထက်ပိုပြီး ရေကြီးရေလျှံ နစ်မြုပ်လာနိုင်တယ်" ဟု ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးမှာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့်အလျောက် ဆန်စပါးကို  အဓိကထားပြီး စိုက်ပျိုးရသောဒေသ ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ဧရာဝတီတိုင်းဒေသကြီးမှာ ဆန်စပါးစိုက်ပျိုးရသည့် လယ်ဧက အများဆုံးရှိကြောင်း၊ ရေထွက် သား၊ ငါး၊ ပုစွန် စသည့်ရေသယံဇာတ အများဆုံးထွက်ရှိသော တိုင်းဒေသကြီးဖြစ်၍ ပျက်စီးမှုများကို ကြိုတင်ကာကွယ်ပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို တိုးမြှင့်ဆောင်ရွက်ပေးရန် ဒေသခံပြည်သူတို့က လိုလားလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။