Monday, April 29, 2013

တာမိုးညဲချမ်းသာကုမ္ပဏီနှင့်တရုတ်ကုမ္ပဏီတို့ပူးပေါင်း၍ သဘာဝလောင်စာရည်စက်ရုံလေးရုံ တည်ဆောက်မည်

တာမိုးညဲချမ်းသာအုပ်စု ကုမ္ပဏီနှင့် တရုတ်နိုင်ငံရှိ Sunshine KAIDI new energy Group co,Ltd တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သဘာဝ လောင်စာရည် စက်ရုံလေးရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ စီမံကိန်းအား လေးနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါစီမံကိန်း လုပ်ဆောင်နိုင်ရန် မြေဧက ခြောက်သိန်းခွဲခန့် ၀ယ်ယူမည်ဖြစ်ကာ အဆိုပါစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော စီမံကိန်းသာ ဖြစ်ကြောင်း တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်စုလတ်သန့်ဇင်ဝင်းက ပြောပါသည်။

အဆိုပါ စီမံကိန်းတွင် စွမ်းအင် ထုတ်လုပ်နိုင်မည့် သစ်တောများ စိုက်ပျိုးမည်ဖြစ်ပြီး လေးနှစ်အတွင်း စက်ရုံလည်ပတ်နိုင်ရန် ကြီးထွားမှု မြန်ဆန်ကာ သဘာဝလောင်စာရည် ထုတ်လုပ်နိုင်မည့် သစ်ပင်များ စိုက်ပျိုးမည် ဖြစ်ကြောင်းလည်း ဒေါ်စုလတ်သန့်ဇင်ဝင်းက ပြောသည်။

''ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် အာမခံချက် ပေးနိုင်တဲ့အပြင် သဘာဝလောင်စာရည် စက်ရုံဖြစ်တဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး။ လောင်စာရည်ထုတ်ဖို့သစ်ပင်တွေ ခုတ်တဲ့အခါမှာလည်း သစ်ပင်တစ်ပင်လုံး မခုတ်ဘဲ ပြန်လည်ကြီးပြင်းနိုင်အောင် စနစ်တကျ စီမံကိန်းချ လုပ်မှာပါ''ဟု ဒေါ်စုလတ်သန့်ဇင်ဝင်းက ရှင်းလင်းပြောကြားသည်။

အဆိုပါ စီမံကိန်းအတွက် လိုအပ်သည့် မြေပမာဏ ဖြစ်သည့် မြေဧက ခြောက်သိန်းခွဲအား ၀ယ်ယူမရပါကလည်း စက်ရုံတစ်ရုံ ဆောက်လုပ်နိုင်မည့် မြေဧက တစ်သိန်းခွဲ ၀ယ်ယူ၍ စက်ရုံတစ်ရုံအား ကနဦး လည်ပတ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

''စက်ရုံတည်ဆောက်ပြီးရင် biomass ဓာတ်ဆီ၊ biomass ဒီဇယ်ဆီ၊ biomass လေယာဉ်ဆီတွေကို နိုင်ငံတကာ အဆင့်မီထုတ်လုပ် သွားမှာပါ၊ ကျွန်မတို့နဲ့လက်တွဲလုပ် ကိုင်တဲ့ ကုမ္ပဏီကလည်း ဗီယက်နမ် နိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ ပူးပေါင်း ပြီး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ခဲ့ပြီး ဗီယက်နမ်ဗဟို အစိုးရအဖွဲ့ရဲ့ ဂုဏ်ပြုမှတ်တမ်းတွေ ရထားပါတယ်'' ဟု တရုတ်ကုမ္ပဏီ တစ်ခုနှင့် လက်တွဲလုပ်ကိုင်သည့် အနေအထားပေါ် ၎င်းက သုံးသပ်ပြောဆိုသည်။

တာမိုးညဲချမ်းသာအုပ်စု ကုမ္ပဏီတွင် တာမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ သတ္ထုတူးဖော်ရေး ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီလီမိတက်၊ ချမ်းသာ ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက်၊ စီမံကိန်းအားလုံး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် စုစုပေါင်း ကုမ္ပဏီခြောက်ခုဖြင့် လည်ပတ်နေပြီး Sunshine KAIDI new energy Group co,Ltd နှင့် ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီခွဲမှာ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။