Monday, April 29, 2013

အလုံဓာတ်အားပေး စက်ရုံအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ဓာတ်အားပေးစက်ရုံဖွင့်လှစ်၊ စက်ရုံမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို တစ်ယူနစ် ၁၁၃ ကျပ်ဖြင့် ပြန်ဝယ်ကာ အများပြည်သူသို့ ဖြန့်ဖြူးမည်

အလုံဓာတ်အားပေး စက်ရုံအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ဧပြီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

၎င်းဓာတ်အားပေး စက်ရုံကို ထိုင်းနိုင်ငံ Toyo Thai Power Myanmar Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား BOT စနစ်ကို အခြေခံကာ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

BOT စနစ်ကို အခြေခံကာ ချုပ်ဆိုခဲ့သော စာချုပ်အရ ၎င်းဓာတ်အားပေး စက်ရုံမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၇ ရာခိုင်နှုန်းကို အခမဲ့ ရရှိမည်ဖြစ်ပြီး မြေငှားရမ်းခနှုန်း ၁ မီတာ ပတ်လည်အတွက် တစ်နှစ်လျင် အမေရိကန် ၁ ဒေါ်လာ ရရှိမည်ဖြစ်သည်။ အရင်းကျေကာလ ၁၀.၃၂ နှစ်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ကာလ နှစ် ၃၀ ဖြင့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူစာချုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခု စီမံကိန်း တစ်ခုလုံးအတွက် အမေရိ ကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျပြီး ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို စွမ်းအင်ဝန်ကြီးဌာနမှ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း သိရှိရသည်။

<p''ဒီစီမံကိန်း လုပ်ငန်းတွေကို Phase(1) ဓာတ်ငွေ့ တာဘိုင်စက် နှစ်လုံးနှင့် Phase(2) စွန့်ပစ်အပူသုံး ရေနွေးငွေ့ဘွိုင်လာနဲ့ တာဘိုင်စက်တို့မှ ဓာတ်အားထုတ်လုပ်နိုင်ဖို့ နေ့ရော ညပါ ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် Phase(1) မှာပါဝင်တဲ့ ဓာတ်ငွေ့တာဘိုင် စက်နှစ်လုံးအနက် ပထမ တစ်လုံးကနေ ၄၁ မဂ္ဂါဝပ်ကို စတင်လည်ပတ်ကာ ဓာတ်အားထုတ်လုပ် နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒုတိယတာဘိုင်စက် နောက်ထပ် ၄၁ မဂ္ဂါဝပ်ကိုလည်း ၂၀၁၃ခုနှစ် မေလအတွင်း ဆက်လက်ဓာတ်အား ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု လျပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းစက်ရုံရှိ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်၏ ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၁၃ ကျပ် ၀န်းကျင်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် စာချုပ်အရ အခမဲ့ ရရှိမည့် ဓာတ်အား ၇ ရာခိုင်နှုန်းအပြင် အခြားထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို တစ်ယူနစ်လျင် ကျပ်ငွေ ၁၁၃ ကျပ်ဝန်းကျင်ဖြင့် ၀ယ်ယူဖြန့်ဖြူးရမည် ဖြစ်ကြောင်း

သိရှိရသည်။ ယခု ဓာတ်အားပေ စက်ရုံမှ ထွက်ရှိမည့် လျပ်စစ်ဓာတ်အားများကို ရန်ကုန်မြို့ရှိ အများပြည်သူသို့ ဦးစားပေးဖြန့်ဖြူး ပေးမည်ဖြစ်ပြီး ကျန်လျှပ်စစ်ဓာတ်အားများကို ပြည်ထောင်စု လျှပ်စစ်ဓာတ်အားစနစ် (National Grid) သို့ ပူးပေါင်းစေကာ ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ဖြန့်ဖြူးပေးမည်ဟု သိရသည်။ နွေရာသီဖြစ်သဖြင့် ရေအား လျှပ်စစ်စက်ရုံများတွင် ရေနည်းပါးလျက်ရှိနေပြီး လျှပ်စစ်ထုတ်လုပ်နိုင်မှု ပမာဏများ ကျဆင်းကာ ရံဖန်ရံကာ လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။