Monday, April 29, 2013

လက်ပံတောင်းတောင်ဒေသ၌ လယ်ထွန်ရာမှပြန်လည်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အတွက် ဥပဒေအရ ပြင်းထန်စွာအရေးယူမည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်ခဲ့သော်လည်းသံဃာတော်များအား ဖော့စဖားရပ်စ်ဗုံးဖြင့် နှိမ်နင်းခဲ့မှုအတွက် ပြန်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား အရေးယူထားခြင်းမရှိသေး


4.28.5

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဖြိုခွင်းခဲ့စဉ်

ဧပြီ ၂၅ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင် ဖမ်းဆီးရမိသူများကို ထိရောက်စွာ အရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အရေးယူ သွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန် ကြေညာမှုအပေါ် စီလျော်မှုမရှိဟု ဝေဖန်သုံးသပ်ချက်များ ပေါ်ထွက်လာခဲ့သည်။

ယခုကဲ့သို့ ထုတ်ပြန်ခဲ့မှုသည် ယခင်က သံဃာတော်များ အပါအ၀င် ဒေသခံ လက်နက်မဲ့ ဆန္ဒပြ သပိတ်စခန်းအား အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် အဓိက တာဝန်ရှိသူတို့အား ဖော်ထုတ် အရေးယူခဲ့ခြင်း မရှိဘဲ ယခုမှ တရားဥပဒေအတိုင်း တိကျစွာ အရေးယူမည်ဟု ဆိုလာခြင်းအပေါ် ရှေ့နောက်ညီညွတ်မှု မရှိဟု သုံးသပ် ဝေဖန်ချက်များ ရှိလာခဲ့သည်။

အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက်ပံတောင်းတောင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွားလာကာမှ အရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေကြသည်။


ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်းဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေးဆိုသည့်အချက်ကို အဓိကထား၍ တောင်းဆိုခဲ့  . . .


 

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ထိုစဉ်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြီးအပေါ် ''လက်ပံတောင်းတောင် ကိစ္စဟာ အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ကိစ္စပဲ။ အဲဒီကတည်းက တရားမျတမှု မရှိဘူး။ ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာမှမပြောရဲခဲ့ကြဘူး။ အခုအတော်အသင့် လွတ်လပ်လာတော့ သဘောထားတွေ ဖော်ထုတ်လာကြတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြေရှင်းမှုကိုလည်း တချို့က မကျေနပ်တာတွေ ရှိတယ်။ လက်ပံတောင်းတောင်ကြီး ပျောက်သွားမှာကို စိုးရိမ်ကြတာတွေ ရှိတယ်'' ဟု ဆိုသည်။

ထို့အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းအပေါ် ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ အကြမ်းဖက်ခြင်းမျိုး မဖြစ်သင့်ကြောင်း၊ သံဃာတော်များ အကြမ်းဖက်ခံရစဉ်က အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ယခုကျမှ ဒေသခံ အချို့အပေါ် အရေးယူမည် ဆိုသည်မှာ မမျှတဟု ယူဆမိကြောင်း၊ အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာသော နည်းလမ်းနှင့် ဖြေရှင်းသင့်ကြောင်း ၎င်းကဆက်၍ ဝေဖန်အကြံပြုခဲ့သည်။

ရှေ့နေများ ကွန်ရက်မှ ဦးသိန်းသန်းဦက''အုပ်ချုပ်ရေးဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်ဆိုတော့ ဥပဒေအရတော့ ပြောစရာ ရှိနေတယ်။ ကျွန်တော့်အမြင် ပြောရရင် နှစ်ဖက်စလုံး ထိန်းသိမ်းသင့်တယ်လို့ ထင်တယ်။ ပြဿနာကို ပိုကြီးမလာအောင် လယ်သမားတွေ ဘက်ကလည်း ကော်မရှင် အစီရင်ခံစာအတိုင်း ကိုယ်ရသင့်တာ ကိုဥပဒေထဲကအတိုင်း ရနိုင်ဖို့အတွက် အတင်းရှေ့ကို မတိုးစေချင်ဘူး။ ဖြစ်ခဲ့ရင်ခံစရာရှိ လယ်သမားပဲခံကြရမှာ။ ခံစရာရှိရင် တစ်သက်လုံး ခံလာရတဲ့ ပြည်သူတွေပဲ ခံရမှာပါ။ ကော်မရှင် အစီရင်ခံစာ အရဆိုရင်ပဲ ဒေသခံ ပြည်သူတွေ မတရား အလုပ်ခံထားရတယ် ဆိုတာပေါ်ပါတယ်။ ဥပဒေအတွင်းကပဲ တောင်းဆိုတာမျိုး ဖြစ်စေချင်ပါတယ်။ ဒါကိုပိုပြီးကြီးထွား မလာစေချင်ဘူး။ ဒီစီမံကိန်းကို ဆက်လုပ်ပါလို့လည်း မတိုက်တွန်းဘူး။ ရပ်ပစ်လိုက်ပါလို့လည်း မတားဘူး။ နိုင်ငံတော်အစိုးရရယ်၊ ဦးပိုင်ရယ်၊ ၀မ်ပေါင်ရယ်၊ ဒေသခံ ပြည်သူတွေရယ် အကုန်လုံးပါတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက အစိုးရက ခေါင်းခေါက်ရွေးတာ မဟုတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါတဲ့အဖွဲ့တစ်ခုကပဲ ဆုံးဖြတ်သင့်ပါတယ်'' ဟု သုံးသပ်သည်။

4.28.6

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် ဒေသခံအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားစဉ် မြင်ကွင်းတစ်ခု

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ''ကျွန်တော်တို့က တရားဥပဒေ အောက်က ဖြေရှင်းမယ်ဆိုရင် အစစ်အမှန် တရားမျှတမှု လိုအပ်တယ်။ ဒါကြောင့် အစစ်အမှန် တရားမျှတမှု ကိုလုပ်ပါ။ အားလုံးအပေါ်မှာ တန်းတူပဲ ရှိစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာကတည်းက သံဃာတော်တွေ အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောပြီးသားပါ'' ဟု တိကျသေချာစွာ ဝေဖန်ထောက်ပြသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) က ထောက်ပြခဲ့ရာ၌ ''လက်ပံတောင်းတောင် အစီအရင်ခံစာမှာတော့ ဗုံးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ရေးထားပါတယ်။ အတော်ပြည့်စုံတယ်။ အတိအကျ မရေးထားတာဘဲရှိတယ်။ ဗုံးမှာ ဖော့စ်ဖရပ်ပါတယ်။ မီးလောင်ဗုံးလို ဖြစ်နေတယ်။ မီးခိုးဗုံး ဆိုပေမယ့် အသုံးမပြုသင့်တဲ့ ဗုံးဖြစ်တယ်။ ပြည်သူတွေကို မသုံးရဘူး။ စစ်တပ်မှာလည်း Personal တွေကိုလည်း သုံးခွင့်မရှိဘူး။ သုံးရင်ဒါက Criminal ဖြစ်တယ်။ သုံးခဲ့တဲ့ပုဂ္ဂိုလ်၊ ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရှာဖွေသုံးသပ်ရမယ်။ ဒါကိုသူတို့က ဘာမှမဟုတ်သလိုလိုနဲ့ ခပ်တည်တည် နေနေကြတယ်'' ဟု ထောက်ပြခဲ့သည်။

ထိုစဉ်က သံဃာတော် အများအပြား မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိသည်အထိ အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး စသည့် ဒေသများမှ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှေ့နေများကွန်ရက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ကေအိုင်အို၊ ကေအိုင်အေ စသည့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းပေါင်းစုံတို့က တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ထို့ပြင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန်နှင့် သပိတ်စခန်းများကို အင်အား အလွန်အကျွံသုံး၍ ယခုအကြမ်းဖက် နှိမ်နင်းမှုတွင် တာဝန်ရှိသူနှင့် အမိန့်ပေးသူတို့အား နိုင်ငံတော်ဘက်မှ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

သို့သော် အစိုးရအနေနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် သင့်-မသင့် စိစစ်ရန်သာ အဓိကထားသည့် အဖွဲ့ဝင် ၃၀ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်နေ့စွဲဖြင့် ဖွဲ့စည်းဆောင်ရွက် စေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထိုအဖွဲ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ၎င်းအဖွဲ့ကိုပင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုနှင့်ပက်သက်၍ ဒီဇင်ဘာ ၁ ရက်နေ့တွင် မုံရွာမြို့ ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် သြ၀ါဒ ခံယူပွဲ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ လိုချင်သည့် တောင်းပန်မှုမျိုး မဟုတ်သဖြင့် ထေရ်ကြီးဝါကြီး သံဃာတော်အချို့ တက်ရောက်ခဲ့ခြင်း မရှိသဖြင့် အထမမြောက်ခဲ့ချေ။ သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် ၀န်ချတောင်းပန်ပွဲ ပြုလုပ်ပေးရန် ဒေသခံများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၊ သံဃာတော်များက တောင်းဆို ခဲ့ကြသည်။ တောင်းဆိုမှု မရလျင် ဆန္ဒထုတ်ဖော်မည်ဟုလည်း အထက်မြန်မာပြည် သံဃာတော်များအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် သံဃာတော်များနှင့်အတူ ပြည်သူများက ဆန္ဒပြခဲ့ကြသည်။

လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်သည် ဒီဇင်ဘာ ၅ ရက်တွင် ဒေသခံများနှင့် စတင်တွေ့ဆုံခဲ့သည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာကြေးနီစီမံကိန်းဆိုင် ရာတာဝန်ရှိသူ တစ်ဦးကလည်း စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော် မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းနေ့မှာပင် ကတိပြု ပြောကြားခဲ့သည်။

သို့ရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စစ်တွေ၊ ပြည်၊ ပုသိမ်၊ ကလေး စသည့်မြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူတို့က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အချက်ငါးချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းအချက်များအနက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်း ဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး ဆိုသည့်အချက်ကို အဓိကထား၍ တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

၎င်းအခြေအနေအပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ)က သုံးသပ်ခဲ့ရာ၌ ''ပြည်သူ့ရဲတွေ အနေနဲ့ အရင်ကတည်းက အမိန့်ကို နာခံတာပဲသိတယ်။ ဥပဒေကို နားမလည်ဘူး။ ဥပဒေကို နားမလည်တော့ အမိန့်ပေးတာကိုပဲသိတယ်။ အခုဖြစ်နေတာတွေက ဘယ်ဟာတွေမှ မကောင်းဘူး။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းခြင်း မရှိရင်၊ နားမလည်ရင် ဘာမှ အလုပ်လုပ်လို့မရဘူး။ အလုပ်လုပ်လို့ရအောင် တစ်ခုခု ဆုံးဖြတ်ရမယ်။ ဒီလိုဖြစ်တဲ့ ကိစ္စတွေမှာ အစိုးရ အနေနဲ့ အများကြီး တာဝန်ရှိပါတယ်။ ဖြစ်လာတာတွေကို အစိုးရအနေနဲ့ နူးညံ့စွာ ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့်အဖွဲ့က မုံရွာ၊ ပခုက္ကူ၊ မန္တလေး ဒေသများမှ သြ၀ါဒစရိယ ဆရာတော်ကြီးများနှင့် လက်ပံတောင်းတောင်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရဟန်းသာမဏေ အပါး ၁၀၀ ကျော်တို့ရှေ့တွင် လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုအပေါ် အပြစ်ရှိကြောင်း ၀န်ချတောင်းပန်ခဲ့သည်။

လက်ရှိတွင် ဧပြီ ၂၅ ရက်က ယာထွန်ခြင်း၊ ယာတဲဆောက်ခြင်းများ ပြုလုပ်ရာမှ ဒေသခံ ရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများ ဖြစ်ပွားကာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ယင်းနေ့က ဖြစ်စဉ်အပေါ် ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာတွင် လက်ပံတောင်းတောင် ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိသူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသော်လည်း ဒေသခံတို့ကမူ ၎င်းတို့မှ စတင်ကျူးလွန်ခြင်း မဟုတ်ဟု ငြင်းဆိုခဲ့ကြသည်။

ထိုဖြစ်စဉ်တွင် ရှိနေခဲ့သည့် ဆည်တဲရွာဟောင်းမှ ဒေသခံ ကိုစန်းမောင်က ''ဧပြီ ၂၅ ရက်ကဖြစ်တဲ့ ပြဿနာမှာ ရွာသားတွေကစပြီး ကျူးလွန်တာ မဟုတ်ဘူး။ မိုးဦးမကျခင်မှာ ထွန်ယက်စိုက်ပျိုးတာ သဘာဝပဲ။ နေ့ကောင်းရက်မြတ်ရွေးပြီး ထွန်ယက်စိုက်ပျိုး သီးနှံချခဲ့တာ ဘိုးစဉ် ဘောင်ဆက် လုပ်လာခဲ့တဲ့ အစဉ်အလာပဲ။ လျော်ကြေးရယူခြင်း မရှိတဲ့ မြေပေါ်မှာ ထွန်ယက်စိုက်ပျိုး ကြတာကို လုပ်လို့မရဘူး။ ပုဒ်မ ၁၄၄ နယ်မြေ လို့ပြောတယ်။ ပုဒ်မ ၁၄၄ ဆိုတာဟာ ဒေသခံရွာသူရွာသားတွေကို မျိုးသုဉ်းစေတဲ့ လုပ်ရပ်တစ်ခုလို့ပဲ မြင်တယ်။ ဆည်တဲရွာဟောင်းက မရီရီဝင်းရဲ့ ယာကွက်ထဲမှာထွန်ရင်း ကိုအောင်စိုးကို ၀င်ဆွဲတော့ ပြန်ဆွဲရင်း တုတ်နဲ့အရိုက်ခံခဲ့ရတာ။ ကိုဝင်းကျော် စိုက်ခင်းထဲမှာ ကိုသောင်းထိုက်ကို အဆွဲခံခဲ့ရပြီး ခေါင်းကိုတုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက အေးအေးချမ်းချမ်း ထွန်ယက်နေသူတွေကို စပြီးလုပ်တာကိုတော့ဘာမှ မပြောကြဘဲ အပြန်အလှန် ခဲတွေနဲ့ ထုသူ တွေကိုတော့ ပြောတယ်'' ဟု ဆိုသည်။

၎င်းကပင် ဥပဒေအထက်တွင် မည်သူမျှမရှိဟု ပြောခဲ့ပြီး မီးလောင်ဗုံး အသုံးပြုခဲ့သည့် ကိစ္စအပေါ် မဖော်ထုတ်ခဲ့ဘဲ ဧပြီ ၂၅ ရက်အရေးကိုမူ ရှာဖွေဖော်ထုတ်ဖို့ ပြောခြင်းသည် မတရားဟု ယူဆရမည်ဖြစ်ကြောင်း ပြောသည်။

ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးထားသူဦးကို ပြန် လွှတ်ပေးရန် ဒေသခံရွာသားတချို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လုံခြုံရေး တာဝန်ရှိသူတို့က ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမပေါ်တွင် လုံခြုံရေးအထပ်ထပ် ချက်တားဆီးခဲ့သော ကြောင့်ယင်းနေ့မွန်းလွဲ ၂ နာရီခွဲခန့် တွင်လူစုခွဲသွားကြောင်း သိရသည်။

ယင်းနေ့တွင်ပင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ်အကောင်အထည်ဖော်ေ ဆာင်ရွက်မည့် ကော်မတီညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်အရေးတွင် ဒေသခံတို့လိုလားသည့် အခြေခံကျသော အကြောင်းအရင်းကို မဖြေရှင်းနိုင်သေးသရွေ့ လက်ပံတောင်း တောင်အရေးသည်ပြီး ပြတ်နိုင်ဖွယ် မရှိဟု လက်ပံတောင်းတောင်အရေးကိစ္စကို စိတ်ဝင်စားေ လ့လာနေသူ အားလုံးက သုံးသပ်ထင်မြင် ထားကြသည်။

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။