Monday, April 29, 2013

ဆိုင်ကယ်ဖယ်ခိုင်းသည့် ယာဉ်ထိန်းရဲကို လူနှစ်ဦးရိုက်နှက်

ဒေါပုံမြို့နယ် သင်္ဘောကျင်း မီးပွိုင့်အနီး ဆိုင်ကယ်မှောက်၍ လမ်းပိတ်နေသည်ကို  လမ်းဘေးသို့ ဖယ်ရှားခိုင်းသည့် ရဲအရာရှိအား ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က ဆိုင်ကယ်မောင်းသူ နှစ်ဦးက သံတုတ်ဖြင့် ဝိုင်းရိုက် နှက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ အရက်သောက်ထားပြီး လိုင်စင်မဲ့ ဆိုင်ကယ်ကို စီးနင်းလာသူနှစ်ဦး အရှိန်မထိန်းနိုင်ဘဲ လဲကျခဲ့ကာ လမ်းပိတ်နေ၍ တာဝန်ကျ ယာဉ်ထိန်းရဲ အရာရှိက လမ်းဘေးသို့ ရွှေ့ပေးရန် ပြောဆိုခြင်းကို ၄င်းတို့ နှစ်ဦးက ဆဲဆို၍ ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၄င်းလူနှစ်ဦးက ဆိုင်ကယ်မပါဘဲ ပြန်ရောက်ရှိလာပြီး ရဲအရာရှိကို ဆဲဆိုကာ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ငါနဲ့ကိုင်တုတ်ပြီး လိုက်ရိုက်နေတာ။ လူအများကြားမှာ ယူနီဖောင်းနဲ့ ထွက်ပြေးရတာတော့ မသင့်တော်ဘူး ပေါ့ဗျာ" ဟု ရိုက်နှက်ခံရသူ ယာဉ်ထိန်းရဲအရာရှိ ရဲအုပ်ဦးဇော်ဝင်းက ဆိုသည်။ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ဦးရဲထိုက်က ယူလာသော သံတုတ်ဖြင့် ရဲအုပ်ဦးဇော်ဝင်း ၏ ညာဘက်ပခုံးနှင့် ရင်ဘတ်ကို ရိုက်နှက် ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ဦးဇော်နိုင် က လက်သီးဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

ရဲအရာရှိသည် လိုင်စင်မဲ့ ဆိုင်ကယ် ကို ဖမ်းဆီးခြင်း မဟုတ်ဘဲ ဖယ်ခိုင်းခြင်းသာ ဖြစ်ပြီး မောင်းသူနှစ်ဦး မှာလည်း မူးနေသောကြောင့် ရမ်းကားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲ အရာရှိမှာ လိုက်ရိုက်ခံရသဖြင့် ထွက်ပြေးစဉ် ချော်လဲခဲ့ပြီး ပြန်လည်တုံ့ပြန် ခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြား သည်။

ရန်ကုန်မြို့ ကားလမ်းမ များပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသည့် သူများထဲမှ လူငယ်အများစုသည် ဆိုင်ကယ် စီးနင်းခွင့် ပြုထားခြင်းမရှိသော နယ်မြေတွင် စီးနင်းရုံ သာမက အခြားအပြစ်များ ထပ်မံကျုးလွန်ရန် ဝန်မလေးဘဲ ယာဉ်မောင်းသူများကို ရန်စမှုများပင် ရှိကြောင်း အငှားယာဉ်မောင်း ဦးပေါက်က ပြောကြားသည်။ အဆိုပါ ယာဉ်ထိန်းရဲကို ရိုက်နှက်မှု နှင့်ပတ်သက်၍ ရိုက်နှက်သူ နှစ်ဦးကို (ပ) ၁၄၇/၁၃၊ ပုဒ်မ-၃၃၂၊ ၂၇၉ ၊ ၂၉၄၊ ၅၀၆၊ ၁၁၄ တို့ဖြင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်း သိရှိရသည်။ 

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။