Sunday, April 21, 2013

စက်ရုံအလုပ်သမားများအတွက် ပထမဆုံးအကြိမ် ချေးငွေထုတ်ချေးပေးမည်

သမ၀ါယမ၀န်ကြီးဌာနမှ စက်ရုံအလုပ်သမားများအတွက် ပထမဦးဆုံးအကြိမ် အသေးစားချေးငွေ ထုတ်ချေးနိုင် စီစဉ်ဆောင်ရွက်နေကြောင်း သမ၀ါယ၀န်ကြီး ဦးကျော်ဆန်းက လှိုင်သာယာ စက်မှုဇုန်အလုပ်သမားများ တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲကို ၂၀၁၃ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ နံနက် (၉း၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

"သက်ဆိုင်ဌာနအသီးသီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးဖြစ်နိုင်မယ်ဆိုရင် ငွေချေးပေးတာကို မေလလယ် လောက်ကနေ စချင်ပါတယ်။ သမ၀ါယမက အသေးစားချေးငွေက ပြည်သူတွေ လတ်တလော သက်သာ ချောင်ချိရေး၊ စားဝတ်နေရေး ပြေလည်စေဖို့အတွက်လည်း ရည်ရွယ်ပါတယ်" ဟု သမ၀ါယမ၀န်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုသည်။

 

အသေးစားချေးငွေများကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးကျော်ဆန်းက ဆက်လက်ပြောဆိုခဲ့သည်။

 

"သမက ချေးပေးမယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် ဇွန်လမှာ ကလေးတွေ ကျောင်းတက် အမီ ချေးငွေရမယ်ဆိုရင် ပိုကောင်းတာပေါ့"  ဟု လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမား ကိုမိုးက ဆိုသည်။

 

အဆိုပါ အသေးစားငွေချေးလုပ်ငန်းများကို သမ၀ါယမအသင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ငွေချေးယူကြမည့် အလုပ်သမားများ၊ စက်ရုံလုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများစသည်တို့ ပူးပေါင်းလုပ်ဆောင်ကြ မည်ဖြစ်ကြောင်း သိရှိရသည်။

 

"အကုန်လုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ အလုပ်သမားတွေဘက်က ချေးငွေတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်တယ်ဆိုရင် နောက်ပိုင်းမှာ ထပ်တိုးမြှင့်ပြီးချေးပေးသွားမှာပါ တိုင်းပြည်စီးပွားတိုးတက်မှုမှာ အဓိကအခန်းကဏ္ဍကနေ တာဝန်ယူနေတဲ့စက်ရုံအလုပ်သမား လူတန်းစား တွေရဲ့ ဘ၀အခက်အခဲတွေ ပြေလည်နိုင်ဖို့ အဓိကလိုအပ်ပါတယ် " ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောဆိုသည်။  

 

သမ၀ါယမအသင်းမှ ကျေးလက် ဒေသပြည်သူများနှင့် မြို့ပြဒေသပြည်သူများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(တစ်သိန်း)နှုန်းအား အတိုးနှုန်း (၂)ကျပ် (၅၀)ပြားဖြင့် ချေးပေးလျက်ရှိပြီး စက်မှုဇုန် စက်ရုံအလုပ်သမား များကိုပါ ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထို့သို့ စက်ရုံအလုပ်သမားများအတွက် အသေးစားချေးငွေထုတ်ချေးပေးခြင်းဖြင့် အလုပ်သမားများ၏ဘ၀ အခက်အခဲများ လျော့ပါးစေနိုင်ခြင်း၊ အပြင်တွင်အတိုးများများဖြင့် ငွေချေးယူရသော ဒုက္ခများမှ ကင်းဝေ စေနိုင်ခြင်းအပြင် နိုင်ငံအနေဖြင့်လည်း ဆင်းရဲမွေတေမှုများလျော့ကျသွားစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ကို ရည်ရွယ်ကြောင်း သိရှိရသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်သမားအဖွဲ့အစည်းပေါင်း (၅၀၀)၀န်းကျင်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရှိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။