Sunday, April 21, 2013

အစိုးရကျောင်းများတွင် သက်ဆိုင်ရာလူမျိုးစုအလိုက် စာပေသင်ကြားနိုင်ရေး ပြင်ဆင်လျက်ရှိ

အစိုးရကျောင်းများတွင် တိုင်းရင်းသား စာပေများ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာစကားသင် ဆရာဖြစ်သင်တန်းများပြုလုပ်ရန် တိုင်းရင်းသားအဖွဲ့အစည်းများက ပြင်ဆင်နေပြီဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများထံက  သိရှိရသည်။

 

သက်ဆိုင်ရာလူမျိုးစုများအလိုက် တိုင်းရင်းသားစာပေ သင်ကြားနိုင်ရန် သင်ကြားပို့ချနည်းသင်တန်းများပြုလုပ်၍ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

တိုင်းရင်းသား စာပေသင်ကြားပေးနိုင်ရန် အတွက် သင်ကြားပေးမည့်ဆရာများကို သင်ကြားပို့ချနည်းသင်တန်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား စာပေများကို သင်ကြားရာတွင် ကျောင်းချိန်အနည်းငယ်သာ ရရှိနိုင်ကြောင်း နန့်မွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရ၀မ်တိုင်းရင်းသား ချန်နန်ခင် ကပြောသည်။

 

ကချင်တိုင်းရင်းသားဘာသာ စာပေ သင်ကြားနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းစာအုပ်ကို ပညာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း နန့်မွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရ၀မ်တိုင်းရင်းသား ချန်နန်ခင် ကပြောသည်။

 

"ကချင်စာပေသင်ကြားဖို့အတွက် လွတ်တော်မှာလည်း ဆွေးနွေးတာမျိုးတွေရှိပါတယ်။ ပညာရေးဦးစီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းနဲ့လည်းညီအောင်၊ ဦးစားပေးသင်ကြားသင့်တဲ့ဟာတွေကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့ သက်ဆိုင်ရာလူမျိုးစု ယဉ်ကျေးမှု့ ကော်မတီတွေက ပညာရေးဦးစီးဌာနကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာမျိုး တွေရှိပါတယ်။ နဂိုရှိပြီးသားသင်ရိုးတွေနဲ့တောင် ကျောင်းချိန်တွေကပြည့်နေတာ သင်ရိုးကလည်းထပ်တိုးဖို့ လုပ်နေသေးတယ်ဆိုတော့ တိုင်းရင်းသား စာပေသင်ကြားမယ်ဆိုရင် တစ်ပတ်ကို စာသင်ချိန် ၁ ချိန် ၂ ချိန် ထက်ပိုရမယ်မထင်ဘူး"" ဟု နန့်မွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရ၀မ်တိုင်းရင်းသား ချန်နန်ခင် ကပြောသည်။

 

မွန်တိုင်းရင်းသားများကလည်း နွေရာသီတွင် ရန်ကုန်စာပေယဉ်ကျေးမှုအသင်း(မွန်) မှ နှစ်စဉ် မွန်စာပေ သင်ပေးနေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းချိန်ပြင်ပတွင် သင်ပေးနေကြောင်း သင်ရိုးညွန်းတမ်းများနှင့် ဆရာများမှာ အဆင်သင့်ရှိနေပြီဖြစ်ကြောင်းကို မွန်စာပေသင်ကြားရေးဆပ်ကော်မတီ အဖွဲ့ဝင် မိမော်မော် ကပြောသည်။

"မွန်စာပေသင်ကြား ပေးဖို့အတွက် ဆရာတွေ၊ သင်ရိုးတွေ အားလုံးအဆင်သင့်ပါပဲ။ ဒီနှစ်ကနေ အစိုးရကျောင်းတွေမှာ စသင်ပေးဖို့အတွက် စဉ်းစားထားတယ်။ ဒီအတွက် ပြည်နယ်အစိုးရတို့ မွန်ပြည်နယ်အုပ်ချုပ်ရေးမှုးအဖွဲ့တို့နဲ့ ညှိနှိုင်းနေကြတယ်လို့ သိရတယ်။" ဟု မွန်စာပေသင်ကြားရေးဆပ်ကော်မတီ အဖွဲ့ဝင် မိမော်မော် ကပြောသည်။

 

ပြည်ထောင်စုလွှတ်တော်မှ တိုင်းရင်းသားဘာသာစကား၊ စာပေများ သင်ကြားခွင့်ပြုထားသော်လည်း ဘက်ဂျက် ချထား ပေးခြင်းမရှိသောကြောင့် လူမျိုးစုအချို့မှာ ခက်ခဲနေသေးကြောင်း ချင်းကမ္ဘာဂျာနယ် အယ်ဒီတာချုပ်၊ ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ကိုငဲပီ ကပြောသည်။

 

"အရင်က ဘုရားကျောင်းတွေလို ဘာသာရေးအဆောက်အဦးတွေမှာ သင်ကြားပေးနေတဲ့ သက်ဆိုင်ရာလူမျိုးစုတွေရဲ့ ဆရာ တွေရှိပြီးသားပါ။ အဲ့ဒီ ရှိပြီးသား ဆရာတွေကိုလည်း ချင်းစာပေသင်ကြားနည်းဆိုပြီး ပိုကောင်းအောင် လေ့ကျင့်ပေးဖို့ လုပ်နေပါတယ်။ အဲ့ဒါတွေကြောင့်လည်း တရားဝင်ကျောင်းတွေမှာ စာပေသင်ကြားပေးဖို့ ကြန့်ကြာနေတာဖြစ်ပါတယ်။" ဟု ချင်းကမ္ဘာဂျာနယ် အယ်ဒီတာချုပ်၊ ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ကိုငဲပီ ကပြောသည်။

 

အခြေခံပညာ မူလတန်းကျောင်းများတွင် တိုင်းရင်းသားဘာသာ၊ တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာပြဆရာ၊ ဆရာမများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးရန် စီစဉ်ထားပြီးဖြစ်ရာ ဝါသနာလည်းပါ၊ စေတနာ လည်းထားပြီး တိုင်းရင်းသားဘာသာကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်မည့် အရည်အချင်းပြည့်မီသည့် ဒေသခံ တိုင်းရင်းသားများကို ဦးစားပေးရွေးချယ်ပြီး ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း၊ အခြားသောတိုင်းရင်းသားစာပေများ ကျန်ရှိနေကြောင်း၊ ဆက်သွယ်လာပါက သက်ဆိုင်ရာတိုင်းရင်းသား ဘာသာကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး ကျောင်းသုံးစာအုပ်များထဲမှာပါသည့် သင်ခန်းစာများကို ပြုစုသွားမှာဖြစ်ပါကြောင်း ယခုနှစ် မတ်လ(၁) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကလည်း ပြောကြားခဲ့သည်။

 

၁၉၈၁-၈၂ ခုနှစ်မှစ၍ တိုင်းရင်းသားစာပေများကို သင်ကြားခွင့်မရတော့ဘဲ ယခု ဒီမိုကရေစီအစိုးရ လက်ထက် မှသာတိုင်ရင်းသားစာပေများကို ပြန်လည်သင်ကြားခွင့်များပေးခဲ့ခြင်းဖြစ်သည်။

 

"ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားစာပေတွေ ဘာသာစကားတွေကို သင်ကြားခွင့်ပြုတာရှိပါတယ်။ ဒါပေမယ့် ဘက်ဂျက် မချပေးတော့ တချို့လူမျိုးစုတွေဆို ခက်ခဲနေသေးတာ တွေ့ရတယ်။ ချင်းလူမျိုးတွေမှာက ဘုံစကားမရှိဘူး ဆိုတော့ တချို့နေရာတွေမှာ ၁၀ တန်းလောက်ထိပြုစုထားနိုင်ပြီး "မရာ" လိုလူမျိုးစုတွေကတော့ အခုထိမပြုစုနိုင်သေးတာ တွေ့ရတယ်။" ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ကိုငဲပီ ကဆိုသည်။

 

တိုင်းရင်းသားစာပေ သင်ကြားနိုင်ရေးအတွက် လိုအပ်သော ဘတ်၈ျက်ကိုလည်း အစိုးရအနေဖြင့် ကူညီပေးသင့်ကြောင်း ပြောဆိုသုံးသပ်မှုများလည်း ရှိနေသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။