Sunday, April 21, 2013

လှိုင်သာယာ လမ်းမပေါ် ရေဆိုးစွန့်ပစ်မှု ဖြေရှင်းပေးသူ မရှိသေး


ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ် အိမ်ယာရှေ့ရှိ အများပြည်သူသွား လမ်းမကြီးပေါ်တွင် ကေတီဗွီဆိုင်တခုမှ နေ့စဉ် ရေဆိုးစွန့်ပစ်နေမှုကိစ္စ ဖြေရှင်းပေးမည့်သူ မရှိသေးကြောင်း သိရသည်။

Sweet-Love-KTV

Sweet Love ကာရာအိုကေဆိုင်မှ ရေဆိုးများအား စည်းကမ်းမဲ့စွာ လမ်းမပေါ်သို့ စွန့်ထုတ်နေအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)


"ကေတီဗွီ ဆိုင်ထဲက ရေဆိုးတွေကို နေ့စဉ် မီးသတ်ပိုက်နဲ့ စုပ်ပြီး အများပြည်သူသွား လမ်းပေါ်ကို တနေကုန် စွန့်ပစ်နေတာ သုံးလလောက် ရှိနေပါပြီ။ လမ်းမပေါ် ရေဆိုးတွေ လွှမ်းနေတဲ့အတွက် လမ်းပေါ် ဖြတ်သွားတဲ့ သူတွေ ချော်လဲသူတွေလည်း ရှိပါတယ်။ ရေရဲ့ အနံ့ဆိုးက ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြား တင်ပြပေမယ့် ဖြေရှင်းပေးမယ့်သူ မရှိ ဖြစ်နေပါတယ်" ဟု ယင်းလမ်းအနီးတွင် နေထိုင်သူ ဦးမွန်သောင်း က ပြောသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ နေရာအကွက်များ ဖေါ်ဆောင်ရောင်းချသူ ချင်စု ကုမ္ပဏီနှင့် နဝဒေး ဥယျာဉ်အိမ်ယာ စီမံခန့်ခွဲရေးရုံးတို့သို့ ဧပြီလ ၂ ရက်နေ့က ၎င်းက စာဖြင့် တင်ပြခဲ့သည်ဟု ဆိုသည်။

"ဒီကိစ္စကို စည်ပင်ကို အရင်တင်ပြပါတယ်။ စည်ပင်ကလည်း သူတို့နဲ့ မဆိုင်ဘူး။ ချင်စုရဲ့ စီမံကိန်း နယ်မြေမှာ ရှိနေလို့ နဝဒေး ဥယျာဉ်အိမ်ယာ ဖေါ်ဆောင်သူနဲ့ပဲ ဆိုင်တယ် ပြောတယ်။ Developer ကလည်း ဆိုင်ရှင်ကို ပြောတယ်။ ဆိုင်တာဝန်ခံကလည်း တာဝန်ယူ ဖြေရှင်းပေးမှု မရှိဘူး" ဟု ၎င်းက ဆက်ပြောသည်။

ကေတီဗွီ ဆိုင်တဆိုင်ဖွင့်မည် ဆိုပါက သက်ဆိုင်ရာ စည်ပင်သာယာသို့ လိုင်စင်လျှောက်ထား တင်ပြပြီးမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်ရသည်ဟု ဆိုသည်။

"ကေတီဗွီဆိုင် လိုင်စင်ရဖို့ဆိုတာ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိရဘူး ဆိုတာ ပါပြီးသားပါ။ အခု ဆိုင်က ထွက်တဲ့ အညစ်အကြေးတွေကို မြောင်းတွေကနေ စနစ်တကျမသွားဘဲ မီးသတ်ပိုက်နဲ့ လူအများသွားနေတဲ့ လမ်းပေါ် စွန့်ပစ်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄ မှာ အလုပ်ဆင်းနေတဲ့ သူတွေလည်း ကျန်စစ်သား အိမ်ယာဘက်ကို ပြန်ရင် ဒီလမ်းက ဖြတ်သွားနေရတာ" ဟု လှိုင်သာယာစက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသူ ဦးမြတ်ခိုင် က ဆိုသည်။

စီမံကိန်း နယ်မြေများမှာလည်း ရေဆိုးထုတ် မြောင်းများကို စီမံချက် တင်သည့်အခါတိုင်း ပါဝင်ရသည်ဟု ဆိုသည်။

"ဒီကိစ္စက Developer တွေနဲ့ ပဲဆိုင်တယ်ဆိုရင်လည်း စီမံကိန်း ဖေါ်ဆောင်သူတွေဟာ ဒီစီမံကိန်းထဲမှာ လူတွေနေပြီဆိုရင် ရပ်ကွက်တခုရဲ့ လိုအပ်ချက်တွေကို စီမံကိန်း ရေးဆွဲ တင်ပြထားတဲ့အတိုင်း လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ရေဆိုးက ထွက်တဲ့ အနံ့ကြောင့် လူအများ ကျန်းမာရေး ထိခိုက်စေပါတယ်" ဟု ယင်းလမ်းကို ဖြတ်သန်းသွားလာ၍ အလုပ်ဆင်းနေရသူ နဝဒေး ဥယျာဉ်အိမ်ယာနေ ဦးလှမျိုး က
ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။