Friday, March 22, 2013

ဒေါ်စုကို ပြင်းထန်စွာ ဝေဖန်သည် ဆိုသည်မှာ Oxford Student က လူအများအာရုံစိုက်ရန် ရေးခြင်းဟုဆို

မတ်လ ၁၈ ရက်နေ့တွင် မဇ္ဈိမ သတင်းဌာနမှ "အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ
ဝေဖန်လိုက်ကြ" ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းတပုဒ် ဖော်ပြခဲ့သည်။

မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် St. Anne's ကောလိပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ
လေ့လာရေး ဆွေးနွေးပွဲ အပြီးတွင် အောက်စဖို့ဒ် တက္ကသိုလ် အဖွဲ့ဝင်များ၏ Oxford Student သတင်းစာက ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သတင်းတပုဒ် ရေးသားခဲ့ရာ ထိုသတင်းမှ အချက်အလက်များကို ရယူခဲ့ပြီး အထက်ဖော်ပြပါ မဇ္ဈိမ ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

Burma Independence Advocates ၏ ညွှန်ကြားရေးမှူး တဦးဖြစ်သည့် ဦးဇော်နေအောင် သည် ထိုဆွေးနွေးပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး မဇ္ဈိမက ထိုအကြောင်းအရာ အပေါ် လူအများအာရုံအထူးစိုက်လာအောင်
ရေးသား တင်ဆက်ပုံကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ ထို့ကြောင့် ဦးဇော်နေအောင်က တွေ့ဆုံ ဆွေးနွေးပွဲအကြောင်း အသေးစိတ်များကို ကျွန်ုပ်တို့အား စာရေးသား၍ ရှင်းပြခဲ့ပါသည်။ 

"ဒီ ဆွေးနွေးပွဲ တခုလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ လုံးဝ မရှိခဲ့ပါဘူး။ ဒေါက်တာ Peter Carey ပြောတာတွေကလည်း ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့် သူ့ အနေနဲ့ သြဇာအာဏာ ကျဆင်းလာတဲ့ အပေါ် စိုးရိမ်စရာ တခုအနေနဲ့ သုံးသပ်ထားတာပါ။ မူရင်း သတင်းကို ကိုးကားထားသူကလည်း လူတွေ အာရုံစိုက်လာအောင်လို့ လွန်လွန်ကဲကဲ ခန့်မှန်း ရေးသားမှုတွေကို အသုံးပြုထား ပါတယ်။ ကံအကြောင်းမသင့်တော့ လက်ပံတောင်း အစီရင်ခံစာ ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် မှားယွင်းစွာ ကိုးကားထားတဲ့ ဒီသတင်းက ဟိုးလေးတကြော် ဖြစ်လာပါတော့တယ်" ဟု ဦးဇော်နေအောင်က အင်္ဂလိပ်ဘာသာစကားဖြင့် စာရေးသား ပေးပို့လာခဲ့ပါသည်။

"ဒါပေမယ့် အပြုသဘော ထောက်ပြဝေဖန်ကြမယ့် အစား ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးကတော့ လက်မခံသင့်တဲ့ ကိစ္စမျိုးပါ။ လက်ပံတောင်း စီမံကိန်း အစီရင်ခံစာအတွက် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအကြောင်းနဲ့ ပတ်သတ်ပြီး တချို့က အားမလိုအားမရ ခံစားရပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို
ဝေဖန်ခဲ့ကြပါတယ်။ ဒေါ်စုကို ခိုင်ခိုင်မာမာ ထောက်ခံသူတွေတောင် အခုအခါမှာ ဝေဖန်ကြပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပါတယ်" ဟု ဦးဇော်နေအောင်က ရေးသားထားသည်။

"ဝေဖန်တယ်ဆိုတာ ကောင်းတဲ့လုပ်ရပ် တခုပါ။ နိုင်ငံရေး သမားတွေ ဆိုတာ ထိပ်ဆုံးက အဝေဖန်ခံရမယ့်သူတွေပါ" ဟုလည်း ဦးဇော်နေအောင်က ဆိုသည်။

"မြန်မာ့ လက်ရှိ နိုင်ငံရေး အခြေအနေဟာ ခက်ခဲရှုပ်ထွေးနေတဲ့ အခြေအနေမှာ ရှိတာမို့ မီဒီယာတွေ အနေနဲ့
ဒေါ်အောင်ဆန်းစုကြည် တချိန်က သတိပေးခဲ့တဲ့အတိုင်း နိုင်ငံရဲ့ အရေးကိစ္စတွေကို မျှမျှတတ တင်ပြနိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်" ဟု ဦးဇော်နေအောင်က သူ၏စာထဲတွင် နိဂုံးချုပ် ရေးသားထားသည်။

(မဇ္ဈိမ အနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးအား မဇ္ဈိမ အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုဒ်နှင့် မဇ္ဈိမ မြန်မာဘာသာ ဝက်ဘ်ဆိုဒ်များမှ ဖယ်ရှားခဲ့ပြီး ဖြစ်ပါသည်။)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။