Friday, March 22, 2013

ငွေဆောင်မြို့နယ်ခွဲ အစွန်အဖျားမှ ကလေးငယ်များ ပညာရေးအခက်အခဲဖြစ်ပေါ်နေ


ငွေဆောင်မြို့နယ်ခွဲအတွင်းသွားလာရေးခက်ခဲသောဒေသများရှိကျေးရွာများတွင်နေထိုင်သည့်ကလေးငယ်များမှာလာမည့်နှစ် ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

တောတောင်များထဲတွင် သစ်ခုတ်ဝါးခုတ်လုပ်ကိုင်စားသောက်နေသူတို့ စုပေါင်းနေထိုင်သော အိမ်ခြေ(၅၀)ခန့် ရွာငယ်လေး များမှ ကလေးများပညာရေးအတွက် ဆရာ၊ဆရာမများကိုကျေးရွာများမှ စုပေါင်းငှားရမ်းပြီးသင်ကြား နေသော် လည်း လွန်ခဲ့သည့်ပညာသင်နှစ်တွင် ငှားရမ်းခ အပြည့်မပေးချေနိုင်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့သဖြင့် လာမည့်ပညာသင်နှစ်တွင် ပညာသင်ကြားရန် အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်သည်။


ဒီဘက်မှာတော့အဲဒီလိုဝေးလံခေါင်ဖျားတဲ့နေရာမှာနေနေကြတာ(၅)ရွာလောက်တော့ရှိတယ်၊သူတို့ဘက်တွေကလမ်း ကလည်းမရှိတော့ကလေးတွေပညာရေးအတွက်ကအနီးဆုံးကျောင်းတောင် နှစ်နာရီလောက်လမ်းလျှောက်ရတဲ့ အခက်အခဲရှိတော့ ဆရာမတွေ ငှားရတယ်ဟု ငွေဆောင်မြို့ရှိမြတ်ဒါနလူမှုရေးအဖွဲ့မှဦးစန်းရွှေကပြောသည်။

၎င်းရွာများမှာ ကျေးရွာကြီးများနှင့်အလှမ်းဝေးသဖြင့် ကလေးငယ်တို့ပညာရေးအတွက် အနီးဆုံးရွာရှိ ကျောင်းများသို့ တက်ရောက် လျှင်နာရီများစွာသွားလာရခြင်း၊မိုးတွင်းအခါတောင်ကျချောင်းရေအန္တရာယ်ရှိခြင်း တို့ကြောင့်ရွာတွင်ပင်သင်ကြားရန်ဆရာ၊ဆရာမတစ်ဦးလျှင် တစ်နှစ်သုံးသိန်းမှငါးသိန်းအထိပေးကာ ခေါ်ယူငှားရမ်းနေ ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျွန်တော်တို့သဇင်လေးရွာမှာတော့ ဆရာမကိုတစ်နှစ်သုံးသိန်းပေးငှားပြီး ကလေးတွေစာသင်ရတယ်၊ ဒီနှစ်ရွာမှာ အကုန်လုံးကစီးပွါးရေးမကောင်းတော့ ဆရာမကိုဒီနှစ်တော့(၂)သိန်းလောက်ပဲ၊ ပေးနိုင်ခဲ့လို့ ဒီငွေဆောင်က လူမှုရေးအဖွဲ့တွေကို အကူအညီတောင်းတာပါဟု ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ သဇင်ကျေးရွာမှ(၂) မိုင်ခန့် ဝေးကွာသော သဇင်လေးကျေးရွာမှ ကိုမိုးအောင်ကပြောသည်။

သဇင်လေး၊ဂျိုင်လယ၊်လိပ်မည်းအစရှိသောရွာငယ်လေးများမှာအဓိကအသက်မွေးဝမ်းကျောင်းအဖြစ်သစ်ခုတ် ၀ါးခုတ်မီးသွေးဖုတ်ခြင်းနှင့်ရာဘာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

ထိုသို့အခက်အခဲရှိနေသောရွာများအနေနှင့် ပညာရေးဌာနများသို့ အကြောင်းကြားကာ အကူအညီတောင်းခံသင့်ကြောင်း အငြိမ်းစားကျောင်းဆရာမတစ်ဦးက ယခုကဲ့သို့ပြောသည်။

သူတို့တွေအနေနဲ့လူမှု့ရေးအဖွဲ့တွေကိုအကူအညီတောင်းနေမယ့်အစားမြို့နယ်ပညာရေးမှုးရုံးတို့ ဘာတို့ကို အကြောင်းကြား သင့်တယ်၊ဒါပေမယ့်ဝေးလံခေါင်သီတဲ့နေရာတွေကိုတော်ရုံ ၀န်ထမ်းတွေကမသွားချင်ကြတော့အခက်အခဲရှိတော့ ရှိနိုင်တယ်ဟု အငြိမ်းစားကျောင်းဆရာမဒေါ်စန်းစန်းက ပြောပြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။