Friday, March 22, 2013

မိတ္ထီလာမြို့တွင် အခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညကလောက် ဆိုရွားခြင်း မရှိတော့


general-10-march21

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ်

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ခဲ့သော မိတ္ထီလာမြို့မှ ပဋိပက္ခအခြေများမှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညပိုင်းကလောက် ပြင်းထန်ဆိုးရွားမှု မရှိတော့ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရပါသည်။

ဆူပူမှုများအား ထိန်းသိမ်းရန်အတွက် ယမန်နေ့ညက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း ဆူပူသူ လူစုလူဝေးမှာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြပြီး သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက မွန်းတည့် ၁၂ နာရီအချိန်တွင် ပြောကြားပါသည်။

အဆိုပါ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဥက္ကဌအဖြစ်လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး၍ တစ်ပတ်အတွင်း ပြန်လည်တင်ပြရမည် ဖြစ်သည်။

ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက်  မိတ္ထီလာမြို့တွင် ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး ၎င်းတို့ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည်စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ်နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ ဒဏ်ရာရထားသူတစ်ချို့ တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော်မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေ ရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီးအဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။

general-2-march21

မိတ္ထီလာမြို့ တစ်နေရာတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆူပူသူများက ရန်မျိုးအောင်ရပ်ကွက် တော်ဝင်နန်းအနီးရှိ နေအိမ်တစ်လုံးအားလည်းကောင်း၊ ကားကြီးကွင်းအနီးမှ နေအိမ်တစ်လုံးကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော်ဓာတ်ဆီဆိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။ လုံခြုံရေးအတွက် နေပြည်တော် လုံခြုံရေးတပ်မှ ရဲတပ်သားအင်အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူးသောင်းကြည် ဦးဆောင်သော ရဲတပ်ဖွဲ့အင်အား ၅၀ ခန့်တို့သည် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များ ဆောင်ရွက်နေကြောင်း သိရသည်။

ယနေ့နံနက် အစောပိုင်းက ရန်မျိုးအောင်ရပ်ကွက်နှင့် လုပ်သားရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် သေဆုံးမှု ရှိနိုင်ကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ မိတ္ထီလာ စည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထားကြသည်ဟု သိရသည်။ မြို့ပေါ်တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရရှိပါသည်။ မီးလောင်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာခရိုင် လေးခရိုင် မီးသတ်မော်တော်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မီးငြိမ်းသတ်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက Eleven Media Group သို့ ပြောကြားသည်။


ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာတွေ့ရ တယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ်နှိမ်နင်းထား လို့ ခြေထောက်၊ ပေါင်တွေမှာဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲလုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စ မှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော် အမြင် ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲမေတ္တာရပ်ခံချင်ပါတယ် . . . .

မွန်းလွဲ ၁ နာရီအချိန်က စတင်လောင်ကျွမ်းခဲ့သည့် ကားကြီးဝင်းအရှေ့ဘက် မီးလောင်ကျွမ်းမှုသည် အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းလျက် ရှိနေပြီး သီရိမင်္ဂလာရပ်ကွက်ရှိ AGD ဘဏ်အနီးသို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန်အတွက် မီးသတ်ယာဉ် အလုံအလောက် မရှိခြင်း၊ ရှိနေသော မီးသတ်ယာဉ်များမှာလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားနိုင်ရန်အတွက် လုံခြုံရေး အလုံအလောက် မရှိခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မရ ဖြစ်နေကြောင်း မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားသည်။

general-12-march21

လှည့်ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ယာဉ်တန်းအား တွေ့ရစဉ်

ယခုဖြစ်စဉ်များနှင့် ပတ်သက်ပြီး"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲအရေးပိုင်ပြီဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးရှိဖို့ ထိထိရောက်ရောက်နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော်ပြောပြီးပြီ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း လုပ်ပေးပါမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အခြေအနေက မတည်ငြိမ်သေးဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က Eleven Media Group သို့ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။

ညနေပိုင်းအခြေအနေမှာမူ ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ မဆိုးဝါးတော့ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အပြင် အင်းဝဘဏ်ရှိ ငွေကြေးများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန်အတွက် တပ်မတော်မှ လာရောက်ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက်နေရာယူထားသည်ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင်း လူစုလူဝေးဖြင့် သွားလာမှုများ လျော့နည်းသွားကြောင်း သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ညနေလေးနာရီ ၀န်းကျင်တွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်အတွင်းမှ အစ္စလာမ်ဘာသာဝင် ကလေးနှင့်လူကြီးများအား မိတ္ထီလာခရိုင် အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၄၂ ဦးရှိကြောင်း မိတ္ထီလာပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ တာဝန်ရှိသူက ''ဆေးရုံကို ရောက်ရှိလာသူ ၄၂ ဦးမှာ သေဆုံးသူစာရင်းကတော့ အပြောင်းအလဲ မရှိသေးပါဘူး။ ဒါက ဆေးရုံမှာရောက်ရှိလာတဲ့ စာရင်းပါ။ ဒဏ်ရာရသူ စာရင်းကတော့ တိုးလာပြီး လက်ရှိအချိန်ထိ စာရင်းအရ ၃၇ ဦး ရှိပါတယ်။ ဆေးရုံမှာမရှိတဲ့ ဆေးအချို့ကလွဲပြီး ဆေးရုံရောက်လာသူ အားလုံးကို ကုသပေးဖို့ ဆေးဝါးလုံလောက်မှု ရှိပါတယ်။ ဆေးရုံဝန်ထမ်းအင်အား ဖြည့်တင်းပြီး အချိန်ပြည့်ကုသမှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်'' ဟု ပြောကြားခဲ့သည်။

general-6-march21

Photo - AFP

မိတ္တီလာမြို့ ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လက်ရှိအခြေနေက အနည်းငယ် လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း တည်ငြိမ်စေဖို့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
 "လောလောဆယ် လုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေတာ တွေ့ရတယ်။ နေ့ဘက်ကလိုတော့ ဆူဆူညံညံတွေ မရှိတော့ပါဘူး။ ၉ နာရီခွဲ ဝန်းကျင်လောက်ကတော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လူနှစ် ဆယ်လောက်က ဖျက်နေတယ်လို့ကြားလို့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ထိန်းသိမ်းနေတယ်လို့ သိရတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ အဲဒီလို ကောလဟာလတွေတော့ ခဏခဏ ကြားနေရတယ်" ဟု မိတ္ထီလာမြို့သို့ေ၇ာက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။

မိတ္ထီလာမြို့၏ နောက်ဆုံးအခြေအနေအား သိရှိရန်အတွက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ဆက်သွယ်မေးမြန်းခဲ့ရာတွင် "အခြေအနေက တည်ငြိမ်နေပါပြီ။ ကောလာဟလ သတင်းတွေပဲ ကြားနေတာ ရှိပါတယ်။ ရဲတပ်ဖွဲ့ကို မေးမြန်းကြည့်တော့ တည်ငြိမ်မှု ရသွားပြီလို့ ဖြေကြားပါတယ်" ဟု Eleven Media Group သတင်းထောက်က ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။