Friday, March 1, 2013

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်၎ဝဝဝကျော်အတွက် အိမ်အလုံး၆ဝဝကျော် တည်ဆောက်


ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များအတွက် အိမ်အလုံးရေ၆ဝဝကျော်ကို ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့၏ ရံပုံငွေဖြင့် တည်ဆောက်ပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
''ပြည်ထောင်စုအစိုးရနဲ့ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ရံပုံငွေနဲ့ဆောက်ပေးနေတာ ဖြစ်ပါတယ်။လွန်ခဲတဲ့ တစ်လလောက်က ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီး ဆောက်နေတာပါ။တချို့တစ်ဝက်ကတော့ ပြီးနေပြီ။မြေရောအိမ်ရောကို အပိုင်ပေးတာဆိုပေမယ့် ရောင်းစားခွင့်တော့ မရှိပါဘူး'' ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊သတင်းထုတ်ပြန်ရေးနှင့် စာတမ်းပြုစုရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါသည်။

  
ရခိုင်ပြည်နယ်အတွင်း မောင်တော၊မြောက်ဦး၊မင်းပြား၊ရသေ့တောင်၊ရမ်းဗြဲ၊ပေါက်တောနှင့် ကျောက်တော်မြို့နယ်များတွင် အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များကိုသာ ပြန်လည် တည်ဆောက်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊စစ်တွေမြို့အတွင်း အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ၄ဝဝဝကျော်အတွက် အိမ်အလုံးရေ ၆၆၉လုံးကို တည်ဆောက်ပေးနေခြင်းဖြစ်ပြီး မူလတန်းကျောင်းများနှင့် ဆေးပေးခန်းများကိုပါ ထည့်သွင်းတည်ဆောက်သွားရန်ရှိကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊သတင်းထုတ်ပြန်ရေးနှင့် စာတမ်းပြုစုရေး ဆပ်ကော်မတီမှ ဥက္ကဌဦးလှသိန်းကလည်း '' ကျွန်တော်တို့ဆောက်နေတာ အိမ်အလုံးရေ စုစုပေါင်း၆၆၉လုံးရှိတယ်။သတ်မှတ်ထားကတော့ မတ်လလောက်မှာ အပြီးဆောက်ဖို့ပါပဲ။ဒါပေမယ့် မိုးမကျခင် အပြီးဆောက်သွားဖို့ရှိတယ် ''ဟုပြောပါသည်။
စစ်တွေမြို့တွင် လက်ရှိ တည်ဆောက်နေသည့် အိမ်အလုံး၆ဝဝကျော်အား ရခိုင်ဒုက္ခသည်များနှင့် ဘင်္ဂါလီဒုက္ခသည်များအနက် မည့်သည့်ဒုက္ခသည်များအား မည်သည့်ပုံစံဖြင့် ခွဲဝေပေးမည်ကို မသိရှိရသေးကြောင်းလည်း ဦးလှသိန်း၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဒုက္ခသည် အိမ်ထောင်စုပေါင်း ၇ဝဝဝကျော်တွင် လူဦးရေ ၄ဝဝဝဝကျော်ရှိပြီး ရခိုင်တိုင်းရင်းသား ဒုက္ခသည်အိမ်ထောင်စုပေါင်း ၇ဝဝကျော်တွင် လူဦးရေ၃၅ဝဝရှိကြောင်းနှင့် နေရပ်စွန့်ခွာပြေးသူ တစ်သိန်းသုံးသောင်းကျော်ခန့်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။