Friday, March 1, 2013

သံဖြူဇရပ် မီးလောင်ဈေးကြီး အသစ်ပြန်ဆောက်ရန် တင်ဒါခေါ်နေ


ခတ္တာနန်း – မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မီးလောင်ကျွမ်းသွားသည့် မြို့မဈေးကြီးအား အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တင်ဒါခေါ်ယူပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်နယ်စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့ ဈေးကြီးမီးလောင်ခဲ့စဉ် မြင်ကွင်း(ဗညားထောလေး) facebook
သံဖြူဇရပ်မြို့ ဈေးကြီးမီးလောင်ခဲ့စဉ် မြင်ကွင်း(ဗညားထောလေး) facebook

“မီးလောင်သွားတဲ့ ဈေးကို အသစ်ပြန်ဆောက်ဖို့အတွက် အရင်ဆုံး တင်ဒါခေါ်ရပါတယ်၊ ပြီးရင် ဆောက်လုပ် မယ့်ပုံစံကို ရေးဆွဲရပါတယ်၊ ပြီးမှ ဆောက်လုပ်ခွင့်တင်ရပါတယ် ပြီးရင် အထက်က စီစစ်ပြီးမှ ခွင့်ပြုချက်ရ မှာဖြစ်ပါတယ်” ဟု ၎င်း ပြည်နယ် စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူက ဆက်ပြောသည်
သံဖြူဇရပ် မြို့မဈေးသစ်ကြီးအား ယခု မီးလောင်ပျက်စီးသွားသည့် နေရာ၌သာ အသစ်ပြန်လည် တည်ဆောက်သွာမည်ဖြစ်ပြီး ဈေးသစ်ကြီးကို ယခင်ပုံစံအတိုင် တစ်ထပ်ဈေးပုံစံ အဖြစ်သာ ဆောက်လုပ် သွားမည်ဟု သံဖြူဇရပ် စည်ပင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်း စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူက “ခွင့်ပြုမိန့် ရပြီးဆိုတာနဲ့ ရယ်ဒီမိတ် တပ်ဆင်တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်သွားမယ်ဆိုတော့ အချိန်က သိပ်မကြာပါဘူး၊ ဒါပေမဲ့ ဘယ်နေ့ စပြီးဆောက်မယ်ဆိုတာ အတိအကျ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။
မြို့မဈေးသစ်ကြီး မဆောက်လုပ်ခင် အချိန်အတွင်း ယာယီဈေးအဖြစ် သံဖြူဇရပ်မြို့ အောင်ဆန်းလမ်း (နာရီစင်အနီး)ရှိ ပန်းခြံကို ယာယီဈေးအဖြစ် ဆောက်လုပ်ထားကြောင်း၊ ထိုယာယီဈေးကို ဈေးသစ်ကြီး ဆောက်လုပ်ပြီးစီးသည့် အချိန်အထိ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း၊ ယာယီဈေး အခန်းအကျယ်မှာ ၄ ပေ ၆ ပေ ရှိကြောင်း ဆိုင်ခန်းပေါင်း ၃၂၄ ခန်းရှိကြောင်း သိရသည်။
၎င်းယာယီဈေးကို မြို့နယ်စည်ပင်သာယာရေးမှ ငွေကျပ် သိန်း ၂၀ ထုတ်ပေးပြီး ဆောက်လုပ်ထားကြောင်း၊ ဆိုင်ခန်းတစ်ခန်းကို ငွေကျပ် သုံးသောင်းဖြစ် ဆိုင်ရှင်များက ယာယီဈေးကော်မတီအဖွဲ့သို့ ပေးသွင်းရကြောင်း သိရသည်။
“ယာယီဈေးမှာတော့ ဆိုင်တွေ ဖွင့်သလောက်တော့ ဖွင့်နေပြီး ဒါပေမဲ့ အကာတွေမရှိတော့ ဆိုင်ရှင်တွေက ပြန်လုပ်ယူရတယ်၊ ဖွင့်တာ သိပ်မကြာသေးတော့ ဆိုင်တွေတော့မစုံသေဘူး သိပ်လည်း မစည်သေးဘူး” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။
မြို့မဈေးကြီး မီးလောင်မှု ဖြစ်ပွားပြီးနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည့်အချိန်တွင် ယာယီဈေးသစ်တစ်ခုကို အမြန်တည်ဆောက်ရန်အတွက် ဈေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးနောက် ယခုအကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ညက မြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ငွေကျပ်သိန်းပေါင်း သန်းချီ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။