Friday, March 1, 2013

မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စုရှိ ကျေးရွာများမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပြေလည်မှုရရှိ၊ ပုဒ်မ ၁၄၄ အား ရုပ်သိမ်းရန် အဆင့်ဆင့် တင်ပြသွားမည်ဟု တာဝန်ရှိသူ ပြောကြား


ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စုရှိ ကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပဋိပက္ခ အသွင်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ပြေလည်မှု ရရှိခဲ့ပြီး ယခင်ရက်ပိုင်းက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းနိုင်ရေး အထက်အဆင့်ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က ရွေည၀ါဆရာတော် လာရောက်ခဲ့ပြီးနောက် ယခုလို ဒေသခံများနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တို့အကြား နှစ်ဖက် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့ အဆိုအရ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက “ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ နေ့မကူးဘဲ အမြန်ဆုံး ထွက်ခွာပေးဖို့ ရှိပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်သူတွေနဲ့ ရဲတပ်သားတစ်ဦး သေဆုံးမှု ဖြစ်လာအောင် ဆောင်ရွက်သူတွေကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် စုံစမ်းသွားမှာပါ။ အခုလဲ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ပြန်လည် ရုပ်သိမ်းနိုင်ရေး အတွက် အထက်အဆင့်ဆင့်ကို တင်ပြသွားမှာပါ” ဟု ပြောသည်။
ဒေသခံတောင်သူ ပလောင်ကျေးရွာမှ ကိုမင်းဒင်က “ကျွန်တော်တို့အနေနဲ့ ငါးကန်တွေ မဖောက်ဘူး။ ငါးမခိုးဘူး။ ကန်ဘောင်ပေါ် မတက်ဘူးလို့ ကတိပေးတယ်။ ရဲတပ်ဖွဲ့တွေ အနေနဲ့လည်း ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုရာမှာ ရဲအဖွဲ့က ကျွန်တော်တို့ တောင်းဆိုတာကို လိုက်လျောခဲ့တဲ့အတွက် အခုလို ပြေလည်မှု ရရှိခဲ့တာပါ” ဟု ပြောသည်။
Orchard ကုမ္ပဏီသည် မလက်တိုကျေးရွာ အုပ်စုရှိ ပလောင်ကျေးရွာ အနီးတွင် ဧက ၅၅၀ ရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၀၆ ခုနှစ်က မအူပင် ငါးလုပ်ငန်း ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း မအူပင်မြို့နယ် ငါးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
Orchard ကုမ္ပဏီ အနေဖြင့် မအူပင်မြို့နယ် အတွင်း၌ မြေဧက ၁၀၀၀၀ ၀န်းကျင် ပိုင်ဆိုင်ထား သည်ဟု ဒေသခံတချို့က ဆိုနေကြသည်။
Orchard ကုမ္ပဏီသည် အချင်းမဖြစ်ပွားမီက ၎င်းတို့ပိုင် ငါးကန်များအတွင်း အကြမ်းဖက်သူ ဦးရေ ၁၀၀ ခန့်မှ ၀င်ရောက်၍ ၀ါးများ မီးရှို့ဖျက်ဆီးခြင်း၊ တာဘောင်အား ချိုးဖျက်၍ အတွင်းမှ ရေနှင့်ငါးများ ကန်ပြင်ပ ရောက်အောင် ပြုလုပ်ခြင်း၊ ပိုင်နက် ကျူးလွန်ခြင်းများ အပေါ် တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် ဒေသအာဏာပိုင်များသို့ ယင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမြင့်စိန်ကိုယ်စား သားဖြစ်သူ ဦးနောင်ဇော်လတ်မှ ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲဖြင့် တိုင်ကြားစာ ပေးပို့ခဲ့သည်။
ယင်းနောက် ဒေသခံ လယ်သမားတို့မှ ၎င်းင်းတို့ လယ်မြေများ ပြန်လည်ရရှိရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း၏ အမိန့်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါ နေရာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။
ယင်းနေ့ ညနေ ၆ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက လယ်သမားများအား လူစုခွဲရန် ဆောင်ရွက်စဉ် နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂၆ ဦးနှင့် လယ်သမား ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထိုသို့ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ယခုထက်ပိုသော အကြမ်းဖက်မှုမျိုး ထပ်မံ လုပ်ဆောင်လာပါက ပုဒ်မ ၁၄၄ ကို အပြည့်အ၀ အသုံးပြုသွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောကြားခဲ့သည်။
သို့ရာတွင် လက်ရှိအချိန်၌ ပုဒ်မ ၁၄၄ ရုပ်သိမ်းနိုင်ရေးနှင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားရာ နေရာများမှ ထွက်ခွာရေး ဆောင်ရွက်လျက် ရှိသကဲ့သို့ ဒေသခံ တောင်သူများကလည်း လူစုခွဲရေး လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။