Friday, March 1, 2013

ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာခြင်းကြောင့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားတို့အား ယခုနှစ် ဒီဇင်ဘာလ အပြီးတည်ဆောက်ရန် ညွှန်ကြား


ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများအား ယခုနှစ် ဒီဇင်ဘာတွင် အပြီးသတ်တည်ဆောက်ရန် ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့ရှိ အဓိက ခြောက်လမ်းသွား လမ်းဆုံများဖြစ်သည့် ကမ္ဘာအေးစေတီလမ်းနှင့် ဘုရင့်နောင်လမ်းတို့တွင် ခုံးကျော်တံတားများ တည်ဆောက်လျက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ထက်ဆိုးရွားလာပြီး အထူးသဖြင့် ရွှေဂုံတိုင်လမ်းဆုံသည် ဘုရင့်နောင်လမ်းဆုံထက် ယာဉ်ကြောပိတ်ဆို့မှု  ပိုမိုဆိုးရွားနေသည်။

ထို့အတွက် ၎င်းတို့ကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လှည်းတန်း ခုံးကျော်တံတားကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ ပန္နက်ချ စတင်ဆောက်လုပ်ခဲ့ရာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး လာမည့်ဧပြီတွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ  ထုတ်ပြန်ထားသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားကိုမူ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပန္နက်တင်ခဲ့ပြီး တံတားစတင်တည်ဆောက်ခဲ့ကြောင်း၊ ပန္နက်တင်သည့် အချိန်မှ ၁၁ လအတွင်း အပြီးတည်ဆောက်မည်ဟု အဆိုပါတံတားတည်ဆောက်ရေး စီမံကိန်း ဒါရိုက်တာဦးအေးသော်က ပြောခဲ့သည်။
ဘုရင့်နောင်ခုံးကျော်တံတားမှာမူ ဘုရင့်နောင်လမ်းပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံလမ်းပေါ်တွင် တစ်စင်းနှင့် စုစုပေါင်း နှစ်စင်းထိုးသွားမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ပန္နက်တင်ခဲ့ပြီး လက်ရှိတွင် တံတားတည်ဆောက်မှု ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အဆိုပါတံတား တည်ဆောက်ရာတွင် မြေပြင်အခက်အခဲ မရှိပါက ပန္နက်တင်သည့် အချိန်မှ တစ်နှစ်အတွင်း ပြီးစီးရန် သတ်မှတ်ထားသည်ဟု တံတားအား တာဝန်ယူတည်ဆောက်နေသည့် FMI ကုမ္ပဏီမှ တရားဝင်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့တွင် လက်ရှိရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများကို လေးလအတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဟု ၂၀၁၁ ခုနှစ်ကုန်ပိုင်းက ထုတ်ပြန်ထားခဲ့သည်။
သို့သော် ယင်းစီမံကိန်းများအနက် အစောဆုံးဖြစ်သည့် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှသာ ပန္နက်တင်၍ စတင်တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီတွင် အပြီးသတ်မည်ဟု ရွှေတောင်ကုမ္ပဏီမှ တရားဝင် ထုတ်ပြန်ထားသည်။
လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင်ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင်ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။