Wednesday, January 16, 2013

စစ်ပွဲအခြေအနေ ပြင်းထန် လာပါက ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်က လက်ခံနိုင်ရန် စီစဉ်


တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ ပြင်းထန်လာပါက ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင်ဒေးနှင့် ကျင်ပို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များက ကချင်ပြည်နယ်မှ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကို လက်ခံနိုင်ရန် စခန်းလေးခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Global Times တွင် ဖော်ပြထားချက်အရ သိရသည်။ 

ဒေဟောင်ရှိ ယင်ကျန်းခရိုင် ပြည်သူ့ရေးရာဌာန လက်ထောက် ညွှန်ကြားရေးမှူး ဂေါင်ယိယန်ရွန်က သူတို့အနေဖြင့် ဒုက္ခသည်စခန်းများအတွက် အရေးပေါ် အထောက်အပံ့ များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် The Global Times သတင်းစာသို့ ပြောကြားခဲ့သည်။စခန်းများသည် ရှေ့တန်းရွာဖြစ်သော နဘန်းရွာ၏ အရှေ့ဘက်တွင်ရှိပြီး ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော်ကို လက်ခံနိုင်မည်ဟု
ဂေါင်ယိယန်ရွန်က ပြောပါသည်။ 
KIA ဘက်မှ ထိပ်တန်းခေါင်းဆောင်သူ တစ်ဦးက The Global Times သို့ ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြောကြားခဲ့ရာတင် မြစ်ကြီးနား လေတပ် အခြေစိုက် စခန်းမှ စစ်ရဟတ်ယာဉ် တစ်စင်းသည် အခြား ရဟတ်ယာဉ် သုံးစင်းနှင့်အတူ စစ်ဆင်ရေး၌ ပါဝင်နေစဉ် ရဟတ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟည်ဟု ဖော်ပြခဲ့ပါသည်။ သို့သော် မြန်မာအစိုးရ၏
ကြေညာချက်တွင် ရဟတ်ယာဉ်သည် စက်ချွတ်ယွင်းသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်ဘက် ၄၆ ကီလိုမီတာ အကွာရှိ တောအုပ်ထဲသို့ အရေးပေါ် ဆင်းသက်ခဲ့ရပြီး လေယာဉ်မှူးနှစ်ဦး၊ တပ်ကြပ်တစ်ဦး မတော်တဆမှုဖြင့် သေဆုံးခဲ့သည် ပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ 
နိုင်ငံရေး လေ့လာသုံးသပ်သူများက ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားပြီးနောက် KIA အနေဖြင့် ပိုမိုပြင်းထန်သော စစ်ဆင်ရေးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုသို့ ဖြစ်ပွားမှုက မြန်မာအစိုးရအား နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် မျက်နှာပျက်စရာ ဖြစ်စေခဲ့၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု The Global Times သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။