Wednesday, January 16, 2013

အအေးဓါတ်ပိုသည့် စစ်တွေဆောင်းကြောင့် ဒုက္ခသည်များ အခက်တွေ့နေ

စစ်တွေမြို့ ဒုက္ခသည်စခန်းအချို့၌ ယခုရက်ပိုင်းအတွင်း အအေးဓါတ်ပိုများလာသဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးများမှာ ရောဂါဖြစ် ပွားမှုပိုများလာကြောင်း သိရှိရသည်။

 

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်  ဂြစ်ချေကျောင်းအတွင်းရှိ ဒုက္ခသည်များအနက် သက်ကြီးရွယ်အိုနှင့် ကလေးများမှာ  ရာသီဥတု အေးလာမှုကြောင့် ကျန်းမာရေးချို့တဲ့နေကြခြင်းဖြစ်သည်ဟု အဆိုပါကျောင်းတိုက်မှ ရခိုင် ဒုက္ခသည်တစ်ဦးက ဆိုသည်။

 

"စစ်တွေမှာ ရာသီဥတုက တော်တော်လည်း အအေးဓါတ်ပိုများတယ်၊ ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းမှာ ကလေးတွေရယ် လူကြီးပိုင်းတွေပါ၊ နေမကောင်း ဖြစ်နေကြတယ်၊ ကလေးတွေကို ရင်ကြပ်တာတို့ ၊ဖျားနာတာတို့ ဖြစ်နေကြတယ်၊ လူကြီးတွေ ဆိုလည်း အဲ့ဒီလိုဘဲ  ဖျားနာမှု ပိုများနေကြတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နေတဲ့ဟာက ကွန်ကရစ်ပေါ်မှာနေရတာဆိုတော့ ပိုအေးတယ်''ဟု ဂြစ်ချေဒုက္ခသည်တစ်ဦးက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှစ၍  အအေးဓါတ်ပိုများလာရာ သက်ကြီးရွယ်အိုနှင့် ကလေးများမှာ ဖျားနာမှု ပိုမိုဖြစ်လာကြောင်း သိရသည်။

 

"ဒီနှစ်က အရင်နှစ်တွေထက်ကို အအေးဓါတ်ပိုများတယ်၊ ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာစောင်မရှိတဲ့ ဒုက္ခသည်တွေလည်း ရှိတယ်၊ ကျွန်တော်တို့ကျတော ၇လရှိပြီ ဒီဘုန်းကြီးကျောင်းမှာနေရတာ အခုထိ တန်းလျားအဆောင် မရသေးဘူး၊ ဒုက္ခသည်ချင်း တူပါလျှက်နဲ့ ကျွန်တော်တို့ အခုနေရတာက ကျောင်းအောက်ထပ်ကွန်ကရစ်မှာ နေရတယ်၊  ဒီလောက်အေးတဲ့အထဲမှာ သာမန်လူတွေတောင် မနေနိုင်တဲ့ဟာ ကျွန်တော်တို့ က ဘယ်လိုနေနိုင်မလဲ ၊ ရာသီဥတုက ရှေ့ဆက်ပြီး အအေးဓါတ်ပိုများရင် အားလုံးခက်ကုန်မယ်၊ ဘာလို့ဆို တော့ နေရာက အမိုးအကာမရှိဘူးဟင်လင်းပြင်ဘဲ''ဟု စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် ဂြစ်ချေကျောင်းမှ မီးဘေးသင့် ဒုက္ခသည်တစ်ဦးက ပြောသည်။

 

အဆိုပါ ကျောင်းတွင် ၂၀၁၂ ဇွန်လ အတွင်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်မှ  မီးဘေးသင့် ရခိုင်ဒုက္ခသည် အိမ်ထောင်စု (၂၀)ကျော်ရှိပြီး ၄င်းတို့သည် ယနေ့ထိ  အဆောင်တန်းလျားမရရှိသေးကြောင်း ဒုက္ခသည်များက ဆိုသည်။

 

၎င်းတို့မှာ ကျောင်း၏ အောက်ထပ်ကွန်ကရစ်ပေါ်တွင် အမိုးအကာမရှိဘဲ နေထိုင်နေရသဖြင့် ရာသီဥတု အအေးဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့မှုအဖြစ် များလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။