Tuesday, January 15, 2013

သံလွင်တံတား (မော်လမြိုင်) ၂၄ နာရီ ဖွင့်ပြီ


ယခင်က လုံခြုံရေးအရ အချိန်ပိုင်းသာ ဖွင့်ခဲ့သော သံလွင်တံတား (မော်လမြိုင်) အား ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရမှ သိရသည်။ ယခင် သံလွင်တံတား (မော်လမြိုင်)သည် လုံခြုံရေးအရ မနက် လေးနာရီမှ ည ဆယ်နာရီ အထိသာ ကားများ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း ယခုအချိန်၌KNUနှင့် မွန်ပြည်သစ် ပါတီကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီ ဖြစ်သဖြင့် တံတားကြီးအား အချိန်ပြည့် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ တံတားကြီးအား အချိန် အကန့်အသတ်ဖြင့် ဖွင့်လှစ်ခြင်း ပြုလုပ်နေစဉ်၌ မော်တော်ယာဉ်များ အနေဖြင့် တံတားဖွင့် ချိန်မှီရန် အမြန် မောင်းနှင်ခြင်း ကြောင့် အန္တရယ်များ ဖြစ်ပွား နိုင်ကြောင်းနှင့် တံတား ဖွင့်ချိန်အား ရပ်တန့် စောင့် စားရသည့်အတွက် ခရီးသည်များ အချိန်ကြာလင့် ဒုက္ခတွေ့မှုများ တွေ့ကြုံခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ သံလွင်တံတား(မော်လမြိုင်)သည် မြန်မာနိုင်ငံ၌ ပခုက္ကူတံတား(ဧရာဝတီ) အောက် ဒုတိယ အရှည်ဆုံး တံတားကြီးဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပေါင်း ထောင်ချီ၍ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။