Tuesday, December 11, 2012

‘ဘ’ အက္ခရာ စလစ်ကြောင့် ကားဈေးကွက် ပြန်လှုပ်လာမည်လား




 ကားဈေးနှင့် စလစ်ဈေးများ ဆက်တိုက်ကျဆင်းမှုများ ရှိနေသော်လည်း  ကားအရောင်းအ၀ယ်များ အနည်းငယ်ပြန်ဖြစ်လာခြင်းကြောင်း သိရသည်။
 
 

သို့ရာတွင် အရစ်ကျ ၀ယ်ယူသည့် ကားများသာ အရောင်းသွက်ခြင်းဖြစ်ပြီး လက်ငင်း ချေရသည့် ကားများမှာမူ အရောင်းအေးနေကြောင်း သိရှိရသည်။ ထို့ကြောင့် `ဘ´ အက္ခရာများ အပ်နှံခွင့်ရရန် မျှော်လင့်လျှက်ရှိကြောင်း သိရှိရသည်။
 
 
"အခုနောက်ပိုင်း ကားတွေက ရောင်းရတယ်ဆိုပေမဲ့ သိပ်ကြီးလည်း အဆင်ပြေတာ မဟုတ်ပါဘူး။ ဆိုင်ရပ်တည်လို့ ရတယ်ဆိုရုံလေးပါ။ အခုနောက်ပိုင်း ကားဈေးကွက်မှာ စလစ်တွေ ရှားလာတယ်။ ဒီတော့ စလစ်ဈေးတွေတက်တော့ ကားတွေကလည်း သိပ်မရောင်းရတော့ဘူးလေ။ ဒီတော့ `ဘ´ စလစ်တွေ ဘယ်အချိန်ထွက်မလဲပဲ မျှော်နေရတယ်" ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ ကိုထက်ဝေကိုက ပြောသည်။ 
 
ကားဈေးကွက်အတွင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားဖြစ်သူ ကိုဇော်က "အခုနောက်ပိုင်း ကားဈေးတွေက တဖြည်းဖြည်း ကျလာတယ်။ ပြီးတော့ စလစ်တွေကလည်း ကားဈေးကွက်ထဲမှာ သိပ်မကျန်တော့ဘူးလေ။ ပြီးတော့ အခုကတည်းက ` ဘ ´ အက္ခရာကားတွေ လှောင်ထားတဲ့သူတွေဆို ငွေက ပုပ်နေပြီလေ။ ဒီတော့ အမြန် အပ်ချင်နေကြပြီလေ" ဟု ပြောသည်။
 
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ က.ည.န မှ တာဝန်ရှိသူတစ်ဦးက "`ဘ´ အက္ခရာ တွေက အခုလောလောဆယ်တော့ အပ်လို့မရသေးပါဘူး။ ဘယ်အချိန်လောက် အပ်လို့ ရပြီလဲဆိုတာလည်း မသိသေးပါဘူး။ အပ်လို့ရတဲ့အချိန် သတင်းစားမှာ ဖော်ပြပေးပါ့မယ်" ဟု ပြောသည်။
 
 
သို့သော် ကားပွဲစားတစ်ဦးဖြစ်သူ ကိုထွန်းက `ဘ´ အက္ခရာများကို မအပ်စေချင်သေးကြောင်း ဆိုသည်။
 
 
 `` ဘာလို့လဲဆို အခုမှ စလစ်နဲ့ ကားဈေးတွေက နည်းနည်းပြန်ငြိမ်လာတာလေ။ အခုနောက်ပိုင်းမှ အကိုတို့ ယာဉ်ရောင်းဝယ်ရေး စခန်းမှာ နည်းနည်း အလုပ်ပြန်ဖြစ်လာတယ်။ ပြီးတော့ ကားဈေးတွေကလည်း အလိုက်သင့်လေး မှန်လာတယ်။ အခုအချိန်မှာ `ဘ´ အက္ခရာ တွေ လက်ခံလိုက်မယ်ဆိုရင် စလစ်ဈေးပြောင်းတာနဲ့ ကားဈေးကွက်က ပြန်လှုပ်ဦးမှာ´´ ဟု ၎င်းက ပြောသည်။
 
 
ထို့ကြောင့် ကားဈေးကွက်အတွင်း `ဘ´ စလစ်များ ထွက်ပေါ်လာပါက ကားဈေးနှုန်း ထပ်မံ ကျဆင်းဖွယ်ရှိပြီး ယာဉ်အရောင်းအ၀ယ်စခန်းများ အလုပ်နည်းပါးလာနိုင်ကြောင်း သိရှိရသည်။ ယခင်က ထွက်ရှိခဲ့သော စလစ်ဈေးများသည် ယခုတွင် သိန်း ၉၀ မှ သိန်း ၁၁၀ အတွင်း ရှိနေပြီး နယ်မြို့များတွင် သိန်း ၁၅၀ ခန့်အထိ တက်လာကြောင်း သိရှိရသည်။
 

myit makha media group
 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။