Tuesday, December 11, 2012

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် GW မှ လက်ပံတောင်းတောင်အရေးတရားဝင်ဆန္ဒထုတ်ဖော်


၂၀၁၂ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မျိုးဆက်သစ် လူငယ်များ (Generation Wave)မှ ဦးဆောင်ပြီး လက်ပံတောင်းတောင်ကြေး နီစီမံကိန်း သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းမှုအား ဒီမိုကရေစီနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး နှင့် ဖမ်းဆီးထားသူများအားလွှတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။



အဆိုပါ ဆန္ဒပြခြင်းကို ဆူးလေ ဘုရားအနီး ၊မြို့တော်ခန်းမ ရှေ့တွင် လူအင်အား၅၀ကျော်ခန့်ဖြင့် နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီဝန်းကျင်အထိ ပြုလုပ်ခဲ့ကြသည်။


အစိုးရပဲဖြစ်ဖြစ် ကော်မရှင်ပဲဖြစ်ဖြစ် ဆက်ပြီးတော့ စောင့်ကြည့်ပါမယ် မပြေမလည်ချင်းတော့ ဆန္ဒဆက်ပြ ဖြစ်သွားမှာပါ။ တခြားနည်းလမ်းတွေနဲ့လည်း ကြိုးစားဆောင်ရွက် သွားမှာပါ ဟု မျိုးဆက်သစ်လူငယ်အဖွဲ့မှ ဦးဆောင်သူ ကိုဝင်းထွဋ်က ပြောသည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းခြင်းကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက ဆက်လက်ဆန္ဒပြရန် အစီအစဉ်ရှိပြီးအခြားသော နည်းလမ်းများဖြင့်လည်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်ဟု မျိုးဆက်သစ် လူငယ်အဖွဲ့မှ ဆန္ဒပြဦးဆောင်သူ တစ်ဦးက ဆိုသည်။


မြန်မာလူမျိုးအချင်းချင်း အုပ်ချုပ်တဲ့နိုင်ငံမှာ ဒီလိုမျိုး ရက်ရက်စက်စက် စော်ကားတာ အကြမ်းဖက်ဖြိုခွင်းတာ မရှိသင့်ပါဘူး။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ ပြည်သူလူထုရဲ့အသံကို နားထောင်သင့်ပါတယ်။ သံဃာတွေကိုစော်ကားတာလဲ ဘုရားကို စော်ကားတာနဲ့အတူတူပါပဲ။ ဒီလိုဆန္ဒပြမှုကို ထောက်ခံပါတယ် ဟု ရန်ကင်းမြို့နယ်မှ လူမှုရေးလုပ်ငန်းလုပ်ကိုင်သူ အသက်(၃၀)၀န်းကျင်ရှိ ကိုဘော်ဘီက ပြောသည်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မျိုးဆက်သစ်လူငယ်များမှဆန္ဒပြတောင်းဆိုခြင်းကို အစိုးရအနေဖြင့် သိသင့်ပြီး ဖြေရှင်းပေးသင့်သည်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။


ခွင့်ပြုချက်ယူပြီးတော့ ဆန္ဒထုတ်ဖော်ပြတယ်လို့ဆိုပေမဲ့ လူထုဆန္ဒကို ထုတ်ဖော်မှုပါ။ ဒါဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ပြည်သူ့ရဲ့ဆန္ဒပါ။ ဒီလိုတောင်းဆိုမှုတွေကိုလည်း အစိုးရအနေနဲ့ကြားနာဖို့လိုပါတယ်။ သိဖို့လိုပါတယ် ။ဖြေရှင်းဖို့လိုပါတယ်။ ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။


နိုဝင်ဘာ(၂၉)ရက်နေ့တွင် မြေစာပုံသပိတ်စခန်းအား ဖြိုခွဲခဲ့ရာတွင် သပိတ်စခန်းရှိ သံဃာ ၃၀ ကျော်တို့အား ဒဏ်ရာရရှိခဲ့ခြင်းအပေါ်တွင် နိုင်ငံရေးအင်အားစုများနှင့် ပြည်သူအချို့မှ ကျေနပ်ခြင်း မရှိသည့်အပြင်ဆန္ဒပြပွဲများအား ဦးဆောင်သူ အချို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသိရှိရသည်။


ရန်ကုန်မြို့နေမှ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ၊ မြန်မာ-၀မ်ပေါင်ကုမ္ပဏီ ချက်ချင်း ထွက်ပေးရေး ၊ လယ်ယာမြေအတင်းအဓမ္မသိမ်းယူထားခြင်းမှ ရပ်ဆိုင်းပေးရေးအား တရားဝင်ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်မတောင်းခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။


ရန်ကုန်မြို့မှ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းများရှိသော်လည်း မုံရွာတွင် ဆန္ဒပြသူများအား ဖမ်းဆီးထိန်းသိမ်းခြင်းမရှိကြောင်း သိရှိရသည်။


အဆိုပါ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာလ   နှစ်ရက်မြောက်နေ့ တွင် အဖွဲ့ဝင် (၁၆)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌအနေဖြင့် ပါဝင်ကာ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။