Tuesday, December 11, 2012

လက်ပံတောင်းတောင် အရေး ပုသိမ်သို့ ရောက်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကိစ္စနှင့်ပတ်သတ်၍ ၄င်းမြို့နယ် ရှိ ဒေသခံအချို့သည် ဒီဇင်ဘာ(၁၀)ရက်နေ့မှစ၍ (၃)ရက်တိုင်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။     


ကျွန်တော်တို့က တစ်ရက်ကို ခေါင်းဆောင်တစ်ယောက်နှုန်းနဲ့ ဆန္ဒထုတ်ဖော်သွားမှာပါ။ (၃)ရက်ပြဖို့ရှိပါတယ်။ ရဲတပ်ဖွဲ့မှူးရုံးကို စာတင်ပါတယ်။ ခွင့်ပြုချက်မကျလာပေမယ့် ဆက်လုပ်သွားမှာပါ  ” ဟု ဆန္ဒထုတ်ဖော် သူခေါင်းဆောင် ကိုနိုင်ကြီးက ပြောသည်။ 


ဆန္ဒထုတ်ဖော်သူများအနေဖြင့် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဒို့အရေး၊ ၀မ်ပေါင်ကုမ္ပဏီအလိုမရှိ ဒို့အရေး၊ တရုတ်များကြီးစိုးချယ်လှယ်မှုရပ်တန့်ရေး ဒို့အရေး အစရှိသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ လူ(၅၀)၀န်း ကျင်ခန့် ပုသိမ်မြို့နယ်၊ တကောင်းမင်္ဂလာစေတီတော်ကြီးအရှေ့မှစပြီး ပုသိမ်မြို့တစ်မြို့လုံးသို့ လှည့်လည်၍ နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။


၎င်းကိစ္စရပ်နှင့်ပတ်သတ်၍ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဆန္ဒထုတ်ဖော်ခွင့်အား ခွင့်မပေးခဲ့ကြောင်းကိုလည်း ပုသိမ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။    


လူ(၂၀၀)နဲ့ ဆန္ဒထုတ်ဖော်ခွင့်ပေးဖို့ ခွင့်ပြုချက်လာလျှောက်ပါတယ်။ ဒါပေမယ့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်မှုရှိမှာစိုးလို့ ကျွန်တော်တို့ခွင့်မပေးတာ။ အဲ့ဒီကိစ္စအတွက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးရုံးကိုတော့ စာပြန်တင်ပေးထားတယ် ” ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။     


အဆိုပါ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေးနှင့်ပတ်သတ်၍ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှအစပြုကာ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပြီး ယခုပုသိမ်မြို့တွင်မူ ပထမဦး ဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရှိရသည်။


လက်ရှိအချိန်တွင် မုံရွာမြို့ရှိ တုံရွာ၊ ဆည်တည်းရွာ၊ ကံကုန်းရွာတို့၌ ရွာခံလူများမှ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့်ပတ်သတ်၍ ဆက်လက်ထုတ်ဖော်မှုများရှိနေပြီး အလားတူ မန္တလေးမြို့တွင်လည်း သံဃာတော် များမှ အိမ်တော်ရာဘုရားဝင်းအတွင်း ထိုင်သပိတ်မှောက်ခြင်းများ ရှိနေကြောင်း၊ ရန်ကုန်မြို့၌လည်း ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။