Tuesday, December 11, 2012

လက်ပံတောင်းအရေး ဖမ်းဆီးချုပ်နှောင်ထား သူ ၈ ဦးအား ပြန်လွှတ်ပေး

လက်ပံတောင်းတောင်အရေး ငြိမ်းချမ်းစွာဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ(၈)ဦးအား ယနေ့ နေ့လည် (၁)နာရီဝန်းကျင်ခန့်တွင် ကိုယ်ပိုင်ခံဝင်အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

 

ဖမ်းဆီးခံထားရသူ(၆)ဦးမှာ ကိုဝေဋ္ဌု၊ ကိုမိုးသွေး၊ ဒေါ်နော်အုန်းလှ၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကိုအောင်စိုး၊ ဒေါ်ရှမ်းမနှင့် ကိုညီညီတို့ဖြစ်ကြောင်း သိရသည်။

 

 

"ကျွန်တော်တို့ကို အပြီးလွှတ်တာမဟုတ်သေးပါဘူး။ ကိုယ်ပိုင်ခံဝန်ချက်နဲ့ လွှတ်လိုက်တာပါ။ ကျွန်တော်တို့ကို ချုပ်မထားပဲနဲ့ ဆက်လက်ပြီး တရားရင်ဆိုင်စေတဲ့သဘောပါ။ ကျွန်တော်တို့ကို ပုဒ်မ(၁၈)နဲ့ တရားစွဲတာမဟုတ်ပဲ မဆီလျော်တဲ့ ပုဒ်မ(၅၀၅/ခ)နဲ့ တရားစွဲတာက မဖြစ်သင့်တဲ့ ကိစ္စပါ"ဟု ပြန်လည်လွှတ်မြောက်လာသူ ကိုမိုးသွေးက ပြောသည်။

 

 

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ(၆)ဦးမှာ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ခြင်းကြောင့် စီတန်းလှည့်လည်ခွင့် ပုဒ်မ(၁၈)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ)ဖြင့် နယ်မြေပေါင်းစုံ ရဲစခန်းများမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရှိ ရသည်။

 

 

"လက်ပံတောင်းတောင်ကိစ္စဖြစ်သွားသလိုမျိုး အကြမ်းဖက်တဲ့ကိစ္စက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ ဒီလိုငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဆွဲလား၊ ရမ်းလား ဖမ်းဆီးတယ်ဆိုတာကလည်း မြင်မကောင်းပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေ အများကြီး လိုအပ်နေပါသေးတယ်"ဟု နိုင်ငံရေးစိတ်ပါဝင်စားသူ ပြည်သူတစ်ဦးက ပြောသည်။

 

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် အကြမ်းဖက်ဖြိုခွင်းမှုအပေါ် မကျေနပ်သောကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့ မနက်(၁၀)ဝန်းကျင်အချိန်တွင် Generation Wave(GW) မှလူငယ်များ လက်ပံတောင်းတောင်အရေးနှင့်ပတ်သတ်ပြီး မြို့တော်ခန်းမအနီးတွင် တရားဝင် ဆန္ဒဖော်ထုတ်သွားခဲ့ကြသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။