Monday, August 13, 2012

 မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာတိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့တည်ဆောက်



7458
မြန်မာ့စက်မှုဆိပ်ကမ်း တိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသော အလုံသင်္ဘောကျင်း တစ်နေရာ
မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာ တိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့ တည်ဆောက်လျက်ရှိပြီး ခြောက်လမှတစ်နှစ်အတွင်း အပြီး တည်ဆောက်ကာ သင်္ဘောကျင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားနိုင်မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရသည်။

“အလုံသင်္ဘောကျင်းကို ဒဂုံ ဆိပ်ကမ်းမြို့နယ်မှာ ပြောင်းရွှေ့တည်ဆောက်နေပါပြီ။ ဟိုမှာဆောက်လုပ်ပြီးတဲ့အချိန်ကနေ လုပ်ငန်းမပျက် ဆောင်ရွက်သွားမှာပါ။ ခြောက်လကနေ တစ်နှစ်အတွင်း အပြီးတည် ဆောက်သွားမှာပါ”ဟု ဦးချိုသန်း မောင်ကသြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် ရန်ကုန်သံရည်ကြိုလုပ်ငန်းအဖြစ် စတင်ခဲ့ သော အလုံသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လက်အောက်ရှိ သဘောင်္ကျင်းခြောက်ခု အနက် တစ်ခုဖြစ်ပြီး ဌာနပိုင်ရေယာဉ်များအား ပြင်ဆင်ပေးမှုနှင့် ပုဂ္ဂလိကမှ လာရောက်အပ်နှံသည့် ရေယာဉ်သစ်များကို အများဆုံးတည်ဆောက်ပေး နေသော သင်္ဘောကျင်းတစ်ခုဖြစ်သည်။ အဆိုပါသင်္ဘောကျင်းအား မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာ တိုးချဲ့ရန်အတွက်  ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလက ဆိပ်ကမ်းနေရာ ထက်ဝက်ကို လွှဲပြောင်းပေးခဲ့ရကြောင်း သိရ သည်။
ယခုအခါတွင် မြန်မာ့စက်မှု ဆိပ်ကမ်းဧရိယာတိုးချဲ့ရန်အတွက် အလုံသင်္ဘောကျင်းမြေ နေရာတစ်ခု လုံးအားဖယ်ရှားပေးခဲ့ရပြီး လုပ်ငန်းခွင်မပျက် ပြန်လည်ပတ်နိုင်ရေးအတွက် မြန်မာ့စက်မှုဆိပ်ကမ်းမှ အလုံသင်္ဘောကျင်း၏ အဆောက်အအုံများကို အစားထိုး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“၀န်ကြီးဌာနက သတ်မှတ် ပေးတဲ့နေရာမှာအခုထက် ပိုမိုကောင်းမွန်ခိုင်ခံ့တဲ့ ပြည်တွင်းသွား သင်္ဘောများ ပြုပြင်တည်ဆောက်တဲ့ ခေတ်မီ Ship Yard ကြီးအဖြစ် အမြန်ဆုံးပြီးစီးအောင် စီမံဆောင်ရွက်နေ ပါတယ်။ ပြည်တွင်းရေကြောင်းက ၀န်ထမ်းများအားလုံးကိုလည်း ဒီထက် ပိုမိုကောင်းမွန်တဲ့ အိမ်ရာသစ်နဲ့ လုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ်များ၊ လွန်းကျင်းများအားလုံးကို ဒီထက်ပိုမို ခိုင်ခံ့ကောင်းမွန်ပြီး အရှိန်မပျက်ဆက်လက် တာဝန်ထမ်းဆောင်ဖို့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာ အဏ္ဏ၀ါစွမ်းအားရှင် ဂရုပ်(အက်စ်) ကုမ္ပဏီလီမီတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုထူးကပြောကြား ခဲ့သည်။
အလုံသင်္ဘောကျင်း၏ လွန်းလမ်း၊ လွန်းကျင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သံရည်ကြိုစက်ရုံ၊ အောက်ဆီဂျင် စက်ရုံ၊ လူမှုရေးနှင့် ဘာသာရေး အဆောက်အအုံများကို တစ်ဆင့်ချင်း တည်ဆောက်ရွှေ့ပြောင်းသွားမည် ဟု သိရှိရသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။