Monday, August 13, 2012

 သာပေါင်းမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော် ရေဘေးဒုက္ခခံစားနေရသဖြင့် အရေးပေါ်ကယ်ဆယ်ရေး အမြန်လိုအပ်လျက်ရှိ



သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခု၌ ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ဇူလိုင်လ အစောပိုင်းမှစတင်၍ အဆက်မပြတ် ရွာသွန်းခဲ့သည့်မိုးကြောင့် င၀န်မြစ်ရေ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရေကြီးနေ၍ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။


ရေကြီးရေလျံမှုကြောင့် သာပေါင်းမြို့နယ် ကွင်းစုကျေးရွာရှိ မူလတန်းကျောင်း ရေနစ်မြုပ်နေစဉ်
"အခြေအနေတွေက အရမ်းဆိုးဝါးနေပါတယ်။ သာပေါင်းမြို့နယ်က နှစ်စဉ်ရေကြီးနေတာမှန်ပေမယ့် အခုအခြေအနေက အရင်နှစ်တွေနဲ့ မတူပါဘူး။ အရင်ပုံမှန် ရေနှစ်တောင်လောက်ရှိတဲ့နေရာက အခုခြောက်တောင်လောက် ရှိတယ်။ နင်းစရာမြေဆိုလို့ မရှိသလောက်ပါဘဲ။ အိမ်ခေါင်တွေထိ ရေတွေရောက်နေတယ်။ လူတွေကော တိရစ္ဆာန်ကော နေစရာမရှိ၊ စားစရာ မရှိဖြစ်နေကြတယ်။ အားလုံးမြုပ်နေကြတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့ အခက်အခဲတွေ ရှိတယ်လို့" သာပေါင်းမြို့ခံတစ်ဦးက ဆိုသည်။ 
သာပေါင်းမြို့နယ်တွင် မြို့ပေါ်သုံးရပ်ကွက်အပါအ၀င် ကျေးရွာအုပ် စု၇၀ ရှိပြီး မြို့ပေါ်ရပ်ကွက်များအပါအ၀င် ကျေးရွာအုပ်စုပေါင်း ၆၀ ကျော်မှာ ရေနစ်မြုပ်လျက်ရှိသည်။ မြို့ပေါ်ရှိ ရေဘေးသင့်သူများမှာ မြို့နယ် အားကစားခန်းမနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင် လျက်ရှိသော်လည်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများမှာ နေစရာအခက်အခဲများစွာရှိကြောင်း သိရသည်။
''ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်။ အိမ်အားလုံးနီးပါး အိမ်ခေါင်မိုးမြုပ်တော့မှာပါ။ ရွာဘုန်းကြီးကျောင်းလည်း ရေရောက်နေပြီ။ အိမ်တွေမှာဆင့်ထိုးနေရတာ။ ဘယ်ကြည့်ကြည့် ရေဖွေးဖွေးဘဲ မြင်နေတယ်။ လေနဲ့မိုးနဲ့တိုက်လာရင် လှိုင်းထပြီး အိမ်ကိုရိုက်နေတော့ လူ ကြီးရော ကလေးတွေပါ မနေရဲကြဘူး၊ ဒါပေမယ့် သွားစရာနေရာမရှိဘူး''ဟု ကညင်ပင်ကျေးရွာမှ မန်းတင်ဝင်းက ပြောပြသည်။ 
သာပေါင်းမြို့နယ်သည် အဓိကအားဖြင့် ရေလမ်းခရီးကိုသာ အားထားသွားရသော ဒေသတစ်ခုဖြစ်သော်လည်း မိုးကြီးလေထန်နေသဖြင့် တစ်ရွာနှင့်တစ်ရွာ သွားလာဆက်ဆံရန် အခက်အခဲများရှိသည်ဟု ဆိုသည်။သာပေါင်းသို့ ပုသိမ်မြို့မှ ကားလမ်းရှိသော်လည်း ကားလမ်းနေရာ များစွာတွင် ရေကျော်နေ၍ ကားအသေး များသွားလာရန် ခက်ခဲသည်ဟု သိရသည်။ 
သာပေါင်းမြို့နယ်အတွင်းမှ ကျားရဲကျေးရွာအုပ်စုနှင့် ဆစ်ပင်ကြီး ကျေးရွာအုပ်စုသည် ရေဘေးအန္တရာယ် အဆိုးရွားဆုံး ခံစားနေရသောနေရာများ ဖြစ်သည်။ ကျေးရွာအုပ်စု ၇၀ အနက် တောင်ကွင်း၊ ကွင်းခြောက်၊ ရွှေစံအိုးနှင့် ကျွန်းကုန်းကျေးရွာအုပ်စုများမှလွဲ ၍ ကျန်ဒေသများမှာ ရေကြီးလျက်ရှိပြီး အချို့နေရာများတွင် အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။     

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။