Monday, August 13, 2012

 ဈေးရောင်းချခြင်း မပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် အတွက် ထိန်းသိမ်းခံခဲ့ရ



7457
ဈေးရောင်းချခွင့် တားမြစ်ခြင်းခံခဲ့ရသော ဈေးသည်များကို အင်းစိန်ပန်းခြံအနီးတွင် တွေ့ရစဉ်
အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အင်းစိန်ပန်းခြံအနီးတွင် ရောင်းချနေသော လမ်းဘေး ဈေးရောင်းသူများကို ဈေးရောင်းချခြင်း မပြုရန် တားမြစ်မှုများပြုလုပ်ခဲ့သည့်အပေါ် အဆိုပါဈေးသည်များက လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးသည်များကို ခေါ်ယူထိန်းသိမ်းခဲ့ကြောင်းနှင့် နောက်တစ်ရက်တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဈေးရောင်းချခွင့် တားမြစ်ခြင်း ခံခဲ့ရသော ဈေးသည်များမှာ သြဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၃ နာရီဝန်း ကျင်ခန့်က ၎င်းင်းတို့ဈေးရောင်းချခဲ့ သည့်နေရာဖြစ်သော အင်းစိန်ပန်းခြံ အနီးတစ်နေရာတွင် ‘ဈေးသည်များ ဈေးမရောင်းရ၍ အလှူခံနေပါသည်’ ဟူသောဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဈေးသည် ၃၀ ဦးဝန်းကျင်က လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသဖြင့် အင်းစိန် မြို့နယ် ရဲစခန်းမှညနေ ၅ နာရီအ ချိန်ခန့်တွင် ဈေးသည် ၁၁ ဦး ၀န်းကျင်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
7457a
အဆိုပါအင်းစိန်ပန်းခြံအနီးတွင် သစ်သီးရောင်းသူ ကိုအောင်အောင် က “ဒီမှာရောင်းလာတာ ဆယ်နှစ် ကျော်ပါပြီ။ ဈေးရောင်းခွင့်ပိတ်တာ က ရက်နှစ်ဆယ်ကျော်ပြီဗျ။ အခုဟာ ကဆန္ဒပြတာ မဟုတ်ပါဘူး။ ဈေးသည်တွေ ဈေးရောင်းချခွင့်မရတော့ စားဝတ်နေရေးခက်ခဲလို့ ကျွန်တော်တို့ကလည်း အခြားပညာတွေ မတတ်တော့ အခုလို အလှူခံတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်းစားနေတာပါဗျာ။ ဖမ်းရင်လည်းခံရမှာပဲ။ မတတ်နိုင်တော့ဘူး”ဟုပြောပြခဲ့သည်။
အင်းစိန်မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးဦးလှထွေးက “ဈေးကောက် ကောက်ခြင်းလည်း မရှိပါဘူး။ အရင်တုန်းက အရေးမယူခဲ့ဘူးဆိုတာက ကျွန်တော်တို့ဝန်ထမ်းတွေက အခွန်ကိစ္စတွေ လုပ်ငန်း တာဝန်တွေ များနေတဲ့အတွက်ကြောင့်ပါ။ ဈေးသည်တွေ ပလက်ဖောင်းပေါ်မှာ အပြည့်ခင်းပြီး ဈေးရောင်းနေရင် ခရီးသွားပြည်သူတွေ အနေနဲ့ ကားလမ်းပေါ်က လမ်းလျှောက်တဲ့အခါ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်တာကြောင့်လ ည်း အခုလို ဈေးရောင်းချခွင့် ပိတ်ပင်တာပါ”ဟု ပြောခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အင်းစိန်မြို့နယ်၊ မြို့နယ်မှူး ဒုရဲမှူးမြင့်သိန်းက “ဈေးသည်တွေက ကတ်ထူ စက္ကူတွေပေါ်မှာ စာတွေရေး၊ လူစုပြီးတော့ ပြောဆိုနေကြတယ်။ အခုလို လုပ်မယ်ဆိုရင် ဥပဒေတွေရှိတယ်။ ကြိုတင်ခွင့်ပြုချက် လျှောက်ထားပြီး မလုပ်ဆောင်တဲ့အတွက် ထိန်းသိမ်းရခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။
အဆိုပါလမ်းပေါ်တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အလှူခံခြင်းများ ပြုလုပ်နေသော ဈေးသည်များသည် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အသားငါးနှင့် စားသောက်ဖွယ်ရာများ စသည်တို့ကို ရောင်းချကြသူများ ဖြစ်ကြကြောင်း သိရသည်။
ထိန်းသိမ်းခံရသော ဈေးသည်များအနက် အများစုမှာ မိသားစုစားဝတ်နေရေးကို အဓိက ဦးဆောင် ရှာဖွေနေသူများ ဖြစ်ကြောင်း ထိန်းသိမ်းခံရသော ဈေးသည်များနှင့် နီးစပ်သူများက ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။