Monday, August 13, 2012

အလုံမြို့ အဆင့်မြင့် ဆင်မင်းဈေးသစ် စတင် ဆောက်လုပ်

ရန်ကုန် (မဇ္ဈိမ)  ။   ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား ရှစ်ထပ် အဆင့်မြင့်ဈေး အဖြစ်
ဆောက်လုပ်ရန် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီ က ပြော
သည်။

ထိုသို့ အဆင့်မြင့် ဈေးအဖြစ် ပြန်လည် ဆောက်လုပ်ရန်အတွက် စည်ပင်သာယာရေး ကော်မတီက
ဈေးသူဈေးသားများထံ ဇန်န၀ါရီလ ၁၃ ရက်နေ့က ဆန္ဒမဲ ကောက်ခံ၍ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၇၀၊ ကန့်ကွက်မဲ ၁၈၀၊ ပျောက်မဲ တမဲ၊ ဆန္ဒမပြုမဲ ၅၅ မဲ ရရှိခဲ့သည်။

“အဆင့်မြင့်ဈေး ဆောက်လုပ်ဖို့အတွက် ဈေးဟောင်းကို ဇူလိုင်လလယ်ပိုင်းလောက် ကတည်းက စဖြိုနေပါတယ်။
နေကမ္ဘာ မြန်မာဆောက်လုပ်ရေး ကုမ္ပဏီကို နှစ်နှစ်နဲ့ အပြီးဆောက်လုပ်ဖို့ ညှိနှိုင်းထားပြီး
ဆောက်လုပ်ပြီးသွားရင်တော့ မြေညီထပ်ကို ဈေးဟောင်းတုန်းက ဖွင့်ခဲ့တဲ့ ဆိုင်ခန်းအရှိတိုင်း ပြန်ပေးမှာပါ။ သန့်ရှင်းရေးခွန်၊ ဆိုင်ခန်းခွန်၊ ရေခွန်နဲ့ မီးခွန်တွေကို တိုးမြှင့်ကောက်ခံမှာ မဟုတ်ဘဲ ကောက်နေကျ အတိုင်းပဲ ကောက်သွားမှာပါ’’ ဟု ကော်မတီ၏ ဈေးများဌာနမှ ဒု-ဌာနမှူး ဦးမောင်မောင်အေး က ပြောသည်။

ဆင်မင်းဈေးအတွင်း ရောင်းချနေသည့် ဈေးသူဈေးသားများကိုလည်း ယင်းဈေးအနီးရှိ သီရိမင်္ဂလာ ဘောလုံးကွင်း
အတွင်း ယာယီ ဆိုင်ခန်းများ ဆောက်လုပ်ပေးခဲ့ကာ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ အပြီး ပြောင်းရွှေ့စေခဲ့သည်။ ရှစ်ထပ် အဆောက်အဦဖြင့် ဆောက်လုပ်မည့် ဈေးသစ်ကြီး မြေညီထပ်၌ သီးသန့်ဆိုင်ခန်းပေါင်း ၇၂၈ ခန်း ထားရှိပေးကာ ကားပါကင်များ၊ ကော်ဖီဘားများ၊ Spa များနှင့် Condo များ ထည့်သွင်း တည်ဆောက်မည် ဖြစ်သည်။

ဈေးသူဈေးသားများ၏ မဲပေးစနစ်ဖြင့် ဈေးသစ် ပြန်လည်တည်ဆောက်မှုမှာ ဆင်မင်းဈေးသည် ပထမဦးဆုံးဖြစ်ပြီး အခြား ဈေးဟောင်းများကိုလည်း ထိုကဲ့သို့ ပြုလုပ်သွားရန် ဈေးများဌာနက စီစဉ်ထားကြောင်း သိရသည်။

ဆင်မင်း ဈေးဟောင်းကို ၁၉၅၀ ခုနှစ် ကတည်းက ဆောက်လုပ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။