Thursday, May 10, 2012

မြန်မာနိုင်ငံတွင် ၀ှက်ထားခဲ့သော Spitfire လေယာဉ်များကို စတင်ရှာဖွေခဲ့သူ ဗြိတိန်လယ်သမားကြီး တူးဖော်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ


မြန်မာနိုင်ငံတွင် မဟာမိတ်တပ်များ ၀ှက်ထားခဲ့သော ဗြိတိသျှ တော်ဝင်လေတပ်သုံး Spitfire လေယာဉ်များကို စတင်ရှာဖွေခဲ့သူ ဗြိတိသျှ လယ်သမားကြီး ဒေးဗစ်ကွန်းဒဲလ်မှာ တူးဖော်ရှာဖွေခွင့်ကို အခြားတစ်ဦးထံ ပေးအပ်ရဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်လာရောက်စဉ်က သူနှင့်အတူပါလာသော စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်များတွင် အိမ်ခြံမြေလုပ်ငန်းရှင် စတီဗင်ဘော့တ်ဘီဘရွတ်ခ်ဆိုသူ ပါဝင်လာခဲ့သည်။ ယင်း Spitfire လေယာဉ်  အစင်း ၂၀ ခန့်ကို ပြန်လည်တူးဖော်ရန် မြန်မာနိုင်ငံနှင့် ညှိနှိုင်းမှုများပြီးစီးပါက ဘရွတ်ခ်က တူးဖော်ခွင့် ရနိုင်ဖွယ်ရှိနေပြီး ကွန်းဒဲလ်မှာ တူးဖော်ခွင့် ဆုံးရှုံးဖွယ်ရှိနေခြင်းဖြစ်သည်။

စတီဗင်ဘော့တ်ဘီဘရွတ်ခ်ဆိုသူမှာ  အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ရုံမျှသာမက အပျော်တမ်း လေယာဉ်ပျံသန်းမှု ၀ါသနာအိုးတစ်ဦးလည်း ဖြစ်သည်။

''မစ္စတာဘရွတ်ခ်က သူ့ကို Media Rights အပါအ၀င် လုပ်ပိုင်ခွင့်တွေ၊ မူပိုင်ခွင့်တွေအားလုံး လွှဲပေးစေချင်နေပါတယ်။ ငွေကြေးအရ ကျွန်တော့်ကို ပေးမယ်ဆိုတာမျိုးနဲ့ပေါ့။ ဒါဟာ တကယ့်ကို စိတ်ပျက်စရာပါ''ဟု ကွန်းဒဲလ်က အင်ဒီပန်းဒန့်သတင်းစာသို့ ပြောကြားခဲ့သည်။
အသက် ၆၂ နှစ်အရွယ်ရှိ ကွန်းဒဲလ်၏ ပြည်ပတွင် လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်မည့် နားလည်မှု စာချွန်လွှာအား ဘရွတ်ခ်ထံပေးရန် ဖိအားပေးခံနေရသည်ဟု ဆိုသည်။

''ဘရွတ်ခ်မပါဘဲလည်း ကျွန်တော်လုပ်နိုင်တာပဲ။ ဘယ်သူမှမပါဘဲလည်း လုပ်နိုင်တာပဲ။ ကျွန်တော် လေယာဉ်ရှာတဲ့အလုပ် လုပ်လာတာ  ၃၅ နှစ်ရှိပြီ။ ငွေကြေးအရလည်း ကျွန်တော်အများကြီး အကုန်အကျခံပြီး လုပ်ထားတာပါ။ ရှေ့ဆက်လုပ်နိုင်ဖို့လည်း အများကြီး ရုန်းကန်ခဲ့ရတာပါ။ ကျွန်တော် အရင်ကတည်းက မြန်မာပြည်မှာ လာတူးဖူးပါတယ်။ သူတို့ အကူအညီမလိုပါဘူး''ဟုလည်း ကွန်းဒဲလ်က ဗန်ကူးဗား ဆန်းသတင်းစာသို့ ပြောကြားခဲ့သည်။

ကွန်းဒဲလ်ထံမှ လက်လွှဲယူမည်ဆိုသော ဘရွတ်ခ်သည် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် ထင်ရှားသူဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပိုင်ဆိုင်သူဖြစ်သည်။ ဘော့တ်ဘီလေကြောင်း အကယ်ဒမီကို တည်ထောင်ထားသူလည်း ဖြစ်သည်။

ဘော့တ်ဘီဘရွတ်ခ်အား Sky သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ဘရွတ်ခ်က ''ကျွန်တော်တို့အနေနဲ့ ဒီ Spitfire တွေကို တူးဖော်ပြီး ဗြိတိန်ကို ပြန်လည်ယူဆောင်ဖို့ မြန်မာအစိုးရ၊ ဗြိတိန်အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာကို ၀မ်းမြောက်မိပါတယ်'' ဟု ပြောကြားခဲ့သည်။

ကွန်းဒဲလ်ကမူ ''ကျွန်တော်တို့ကို တူးဖော်ခွင့် ပါမစ်ထုတ်ပေးထားခဲ့ပါတယ်။ အခုအချိန်အထိ တရားဝင်နေသေးတဲ့ တစ်ဦးတည်း မူပိုင်ရှိနေသေးတဲ့ သဘောတူညီချက်ပါ''ဟု ပြောကြားထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။