Thursday, May 10, 2012

 မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦကဏ္ဍတွင် တရုတ်နှင့် ထိုင်းလုပ်ငန်းများနှင့်အပြိုင် ဂျပန်နှင့် ဥရောပလုပ်ငန်းအချို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်

ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတစ်နေရာ
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ကဏ္ဍတွင် တရုတ်နှင့် ထိုင်းလုပ်ငန်းများနှင့်အပြိုင် ဂျပန်နှင့် ဥရောပလုပ်ငန်းအချို့ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေပြီး မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံရေးအခြေ အနေတို့ကို စောင့်ကြည့်လျက်ရှိကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

''ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေပါ။ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦအပိုင်းနဲ့ သယံဇာတအပိုင်းမှာ အများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နဲ့ထိုင်းတို့လိုပဲ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်လာတာပါ။ ကုန်ထုတ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေအပြင် လမ်းတံတား၊ စက်မှုဇုန်၊ ဆိပ်ကမ်း၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ အိုင်တီလုပ်ငန်း စတဲ့ အခြေခံ အဆောက်အဦဆိုင်ရာ လုပ်ငန်းတွေကို လုပ်လို့ရအောင် ပြင်ဆင်နေတာပါ။ အစိုးရအဖွဲ့နဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ မူဝါဒသဘောထားအပေါ် မူတည်ပါတယ်''ဟု နိုင်ငံခြားလုပ်ငန်းနှစ်ခု၏ မြန်မာ ပြည်ရုံးခွဲ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။ နိုင်ငံခြား လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်နိုင်ရန်နှင့် ရုံးခွဲတာဝန်ခံ ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် စီးပွားရေး အကြံပေးလုပ်ငန်းများ၊ အိမ်ခြံမြေ ၀န် ဆောင်မှုလုပ်ငန်းများ၊ ရန်ကုန်မြို့ပေါ်ရှိ Residence များ၊ ဟိုတယ်များ လုပ်ငန်းကောင်းမွန်နေကြောင်း၊ ယခုဝင်ရောက်လာသော လုပ်ငန်းအများစုသည် ၁၉၉၃ နှင့် ၁၉၉၄ ခုနှစ်များတွင် ၀င်ရောက်ခဲ့ဖူးသည့် လုပ်ငန်းများဖြစ်ကြောင်း သတင်းရရှိပါသည်။ 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အဓိက အားနည်းချက်တစ်ခုမှာ အခြေခံအဆောက်အဦ အရည်အသွေး မပြည့်မီခြင်းဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့် နိုင်ငံတကာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ လုပ်ငန်းများက ဝေဖန်သုံးသပ် ထားသည်။      

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။