Thursday, May 10, 2012

လက်လီဆန်ဈေးကွက်တွင် ဆန်ဟောင်းများကျန်ရှိနေခြင်းကြောင့် ဈေးလျော့မရောင်းနိုင်ခြင်းဖြစ်

ဘုရင့်နောင်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ကျဆင်းနေသော်လည်း လက်ကျန်ဆန်အဟောင်းများ လက် ဝယ်ရှိနေခြင်းကြောင့် ရန်ကုန်မြို့ဆန်လက်လီဈေးကွက်အတွင်း ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်းရန်ကုန်မြို့ဆန်ရောင်းဝယ်ရေးဈေးကွက် အတွင်းက စုံစမ်းသိရသည်။



“လက်လီဈေးကွက်က ချမရောင်းဘူးဆိုတာကတော့ သူတို့အပိုင်းပေါ့နော်၊ အခုလောလောဆယ်ကတော့ ဈေးကျနေ တာတော့ အမှန်ပဲ။ သူတို့လက်ထဲမှာ ဈေးမကျခင် တစ်လကျော်လောက်အလိုက အရင်ဈေးနဲ့ ဝယ်ထားတဲ့ ဆန်လက်ကျန် တွေ ရှိနေသေးတော့ လက်လီဈေးကွက်ကတော့ ဈေးချမရောင်းဘူး။ ဈေးတက်မှ သာချက်ခြင်းလိုက်တက်တာ”ဟု ကောင်းမြတ်စံ ဆန်ရောင်းဝယ်ရေး ဒိုင်မှ ဒေါ်နွဲ့နွဲ့ရီက ပြောသည်။


နွေစပါးပေါ်ချိန်ရောက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရန်ကုန်မြို့ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းသို့ နေ့စဉ်
ဆန်အသစ်များဆက်တိုက်ဝင်ရောက်လျက် ရှိသောကြောင့် ဘုရင့်နောင် ဈေးကွက်အတွင်း၌ဆန်ဈေး နှုန်းများ ကျဆင်းနေပြီး
အရောင်းအဝယ်အေးလျက်ရှိသည်ဟု ဆန်ကုန်သည်ကြီးများကဆိုသည်။


သို့သော် လက်လီဈေးကွက်အတွင်း၌ ဆန်းဈေးနှုန်း ကျဆင်းမှု မရှိဘဲ ပုံမှန်အတိုင်းသာ ဝယ်ယူစားသုံးနေကြ ရသည်ဟု စားသုံးသူပြည်သူများထံကသိရသည်။


“ဆန်ဈေးတွေ ကျတယ်သာ ပြောနေကြတာ။ ဈေးကွက်ထဲမှာက ပိုတောင် တက်လာသလိုပဲ။ ဆန်သစ်တွေ ဝင်လာလည်း ဈေးက မကျဘူး။ ဆန်ဒိုင်တွေ ဈေးကျရင် ပြန်ပြီးလက်လီရောင်းတဲ့ ဆိုင်တွေလည်း ဈေးချပေး သင့်တယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှ  အိမ်ရှင်မ တစ်ဦးဖြစ်သူ မဝင်းမာက ပြောသည်။

ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အများဆုံးဝင်ရောက်လျက် ရှိပြီး တစ်နေ့လျှင် ဆန်တန်ချိန် ၅၅၀ ကျော်တင်ပို့လျက်ရှိကြောင်း သိရသည်။ ဘုရင့်နောင်ဈေးကွက်မှ တဆင့် အခြားဒေသများဖြစ်သော မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ပခုက္ကူနှင့် အညာဒေသများသို့ ပြန်လည်ရောင်းချလျက် ရှိသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။