Thursday, May 10, 2012

 အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်သစ်အရ ကားအစီးရေ ၅၀၀၀၀ ခန့် တင်သွင်းပြီးဖြစ်သော်လည်း ၉၈ ရာခိုင်နှုန်းသော ရန်ကုန်မြို့နေလူထုမှာ တက္ကစီအစုတ်၊ ဘတ်စကားဟောင်းများဖြင့် ကားကျပ်မှုထပ်ဆင့် ဝေဒနာကိုသာ ခံစားနေရဆဲဖြစ်


ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် တက္ကစီတစ်စီး
အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်သစ်အရ ကားအစီးရေ ၅၀၀၀၀ ခန့် တင်သွင်းပြီးဖြစ်သော်လည်း ၉၈ ရာခိုင်နှုန်းသော ရန်ကုန်မြို့နေလူထုမှာ တက္ကစီအစုတ်၊ ဘတ်စကားအဟောင်းများဖြင့် ကားကျပ်မှု ထပ်ဆင့်ဝေဒနာကိုသာ ခံစားနေရဆဲဖြစ်သည်။

အင်းစိန်တွင် နေထိုင်ကာ ဆူးလေတွင် အလုပ်ဆင်းသူ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်သည့် ကိုအောင်ကျော်ကလည်း''အရင်ဆို လှည်းတန်းမီးပွိုင့် တစ်ခုတည်းပဲ ကားကျပ်တယ်။ အခု လှည်းတန်းရော မြေနီကုန်းရော တရုတ်တန်းရော အကုန်လုံး ကားကျပ်တယ်။ အရင်ကထက် နှစ်ဆမကဘူး၊ သုံးဆလောက် အချိန်ပိုယူနေရတယ်။ မြန်မာတစ်နိုင်ငံလုံး နေ့ချင်းညချင်း ချမ်းသာကုန်ပြီး ကိုယ်ပိုင်ကားပဲ စီးနေကြသလား အောက်မေ့ရတယ်၊ လမ်းပေါ်မှာ ကိုယ်ပိုင်ကားသစ်တွေချည်းပဲ။ ကျွန်တော်တို့စီးတဲ့ ဘတ်စကားကတော့ စုတ်တုန်း၊ လူကျပ်တုန်း၊ ဒီကြားထဲ အခု လမ်းပါကျပ်တယ်။ တက္ကစီကတော့ ပြောမနေနဲ့ တံခါးပိတ်လို့မရ၊  ဟိုတစ်ရက် မိုးရွာတုန်းက ဆိုရင် တက္ကစီငှားစီးတာ တံခါးမှန်မပါလို့ ဒီအတိုင်းပဲ မိုးစိုခံပြီး စီးရတယ်။ မြို့နေ အခြေခံလူတန်းစား ဘ၀တွေပေါ့ဗျာ'' ဟု ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော ဘီအမ်ယာဉ်ဟောင်းတစ်စီး

ရန်ကုန်မြို့မှ တက္ကစီယာဉ်ပိုင်ရှင် ကိုမြင့်အောင်က ''အခု 'န'နံပါတ်တောင်မှ ကျပ် သိန်း၁၀၀ လောက်ပဲ ရှိတော့တယ်။ ဒါတောင် အ၀ယ်မရှိဘူး။ ကျွန်တော့်ကားဆို ကျပ်သိန်း ၆၀၊ ၇၀ တောင် မတန်တော့ဘူး။ ဒီအခွန်နှုန်းနဲ့ ပြန်မသွင်းနိုင်လို့ အစုတ်ကို ခဏခဏပြင်ပြီး သုံးနေရတယ်။  ပြည်သူ့မျက်နှာကိုပဲ ကြည့်တယ်လို့ပြောတယ်။ ကျွန်တော်တို့ တက္ကစီအစုတ်မောင်းနေတဲ့သူတွေက ပြည်သူမဟုတ်ဘူးလား၊ ကျွန်တော်တို့ တက္ကစီအစုတ်တွေ ကို ဟိုနေရာပျက် ဒီနေရာပျက်ဖြစ်နေတဲ့ ကားအစုတ်တွေကိုပဲ ဒုက္ခခံစီးနေတဲ့ အများပြည်သူတွေကရော ပြည်သူ မဟုတ်ဘူးလား။ သွင်းဖို့ကျတော့လဲ ၂၀၀၇ မော်ဒယ်နဲ့အထက်ကို ဒီအခွန်နှုန်းအတိုင်းရမယ်ဆိုပြီး ကန့်သတ်ထားတယ်။ မသွင်းနိုင်လို့ ဒီအတိုင်းစီးတော့လည်း အစုတ်နဲ့ လမ်းပေါ်တက်ရင် ဒဏ်ကြေးရိုက်ဦးမယ်ဆိုတော့ လုပ်ချင်သလို လုပ်ကြတော့လို့ပဲ ပြောချင်တယ်''ဟု ပြောပြခဲ့သည်။

''ကျွန်မတို့ တောင်ဒဂုံနေ စမ်းချောင်းကို နေ့စဉ် အလုပ်ဆင်းရတယ်။ မနက်ဆိုရင် မနက် ၇ နာရီ ဆိုင်ဖွင့်ချိန်မီအောင် မနက် ၅ နာရီကျော်ကတည်းက ထပြီး ကားစီးရတယ်။ အပြန်ဆို ညနေ ၅ နာရီမှာ ကားတွေအရမ်းကျပ်လို့ အိမ်ကို ၇ နာရီခွဲလောက်မှ ရောက်တယ်။ အရင်ကဆို တစ်နာရီလောက်စောထရင် အဆင်ပြေပေမယ့် အခုအိပ်ချိန်ထဲက တစ်နာရီလောက်ဖဲ့ပြီး ထရသလို ညအိမ်ပြန်ရောက်ရင် နောက်ကျတယ်''ဟု တောင်ဒဂုံတွင် နေထိုင်သူ ကုမ္ပဏီ အရောင်းစာရေးမတစ်ဦးက ပြောပြခဲ့သည်။

ရွှေပြည်သာမှ မြေနီကုန်းသို့ လာရောက် အလုပ်ဆင်းသူ အရောင်းစာရေးမတစ်ဦးကလည်း''အလုပ်သွားတဲ့အချိန်က ဂိတ်အစကစီးတာဆိုတော့ ခုံရတော့ မိန်းကလေး အိနြေ္ဒမပျက်သေးဘူး။ ကားကျပ်လို့ အရင်ကထက် တစ်နာရီခွဲလောက် စောထတယ်။ ပြန်တဲ့အချိန်ကတော့  ခုံမရတော့ ဒီလိုပဲ တိုးကြိတ်စီးရတယ်။ ခုံလေးတစ်ခုံများရရင် ထီပေါက်တာထက်တောင် ၀မ်းသာသေးတယ်။ မရရင် မြေနီကုန်းကနေ ရွှေပြည်သာအထိ ဘယ်လိုစီးသလဲဆိုတာ တွက်သာကြည့်တော့''ဟု ပြောပြခဲ့သည်။ အိမ်စီးကားများ တင်သွင်းရန်အတွက် မူဝါဒအမျိုးမျိုးပြောင်းလဲ ချမှတ်လုပ်ဆောင်နေသော်လည်း အများပြည်သူနှင့်သက်ဆိုင်သော ခရီးသည်တင် ဘတ်စကား၊ တက္ကစီများ တင်သွင်းလဲလှယ်ရန်အတွက်မူ ကန့်သတ်ချက်အချို့ ထားရှိခြင်း၊ အခွန်ကင်းလွတ်ခွင့် မပြုခြင်းများကဲ့သို့သော အတားအဆီးများအား ဖယ်ရှားပေးခြင်းမရှိကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော တက္ကစီတစ်စီး

ယင်းအပြင် အိမ်စီးကားများ ပေါများစွာ တင်သွင်းနေသော်လည်း လမ်းအခြေအနေအား ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ တက္ကစီများတင် သွင်းခွင့်ပြုရာတွင်မူ လမ်းအခြေအနေအား ထည့်သွင်းတွက်ချက်သည်ဟု ဆိုခြင်းမှာလည်း လွဲမှားလျက်ရှိကြောင်း သုံးသပ်ကြသည်။

တက္ကစီများ တင်သွင်းလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စစ်ဆေးထောက် ခံချက်ရှိမှသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလ ၇ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ကျင်းပသည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က'' မြို့တော်အငှားယာဉ်(City Taxi) များ တင်သွင်းလိုပါက ၂၀၀၇ ခုနှစ်နှင့်အထက် မော်တော်ယာဉ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့ရဲ့ တွက်ချက် စိစစ်ထောက်ခံချက်နဲ့ ကုမ္ပဏီလုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရတို့ရဲ့ တွက်ချက် စိစစ်ထောက်ခံချက်ဆိုတာက မြို့တော်နဲ့မြို့တော်များရဲ့လမ်းများ အခြေအနေ လူဦးရေကို စိစစ်တွက် ချက်ပေးရမှာဖြစ်တဲ့အတွက် ထောက်ခံခိုင်းခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်'' ဟု ပြောကြားခဲ့သည်။

ခရီးသည်တင် ဘတ်စကားများ တင်သွင်းရာတွင် ဘတ်စကားအဟောင်းများ လဲလှယ်မှုကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ထုတ်လုပ်သည့် ယာဉ်များအား ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်းနိုင်သော်လည်း အသစ်တင်သွင်းမည့် ခရီးသည်တင် ဘတ်စကားများကိုမူ ၂၀၀၇ ခုနှစ်နှင့်အထက် ဘယ်မောင်းယာဉ်များကို  တင်သွင်းခွင့်ပြုမည်ဟု သိရှိရသည်။
ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါစီးနင်းသည့် မန္တလေးမြို့မှ ခရီးသည်တင်ယာဉ်တစ်စီး
စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''အခု တိုင်းပြည်မှာ အဓိကလိုနေတာက bus ပဲ။ အများပြည်သူက bus ကားပဲ အများစု စီးကြတာ။ ဘတ်စကားဆိုရင်လည်း အဟောင်းပဲ သွင်းတယ်ဆိုရင်လည်း ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ အထိ သွင်းခွင့်ပြုပါတယ်။ ရန်ကုန်၊ မန္တလေးတွေမှာ ဘတ်စကားတွေ တော်တော်ညံ့ပါတယ်။ ဘတ်စကားစီး ပြည်သူတွေ စိတ်ဆင်းရဲမှုတွေ ကြုံနေရတယ် ဆိုတာ သမ္မတကြီး သိရှိပြီးတဲ့နောက်ပိုင်းမှာ ဘတ်စကားနဲ့ ပတ်သက်ပြီး 'သ' အက္ခရာအထိ ယာဉ်အိုယာဉ်ဟောင်း ဘတ်စကားများကို အစားထိုး လဲလှယ်ပြီးတဲ့နေရာမှာ ခရီးသည်တင်ယာဉ်များကိုလည်း ၁၉၉၆ ခုနှစ် ကနေ ၂၀၀၆ ခုနှစ်အထိ အစားထိုး လဲလှယ်ခွင့် ပေးမှာဖြစ်ပါတယ်။ အခက်အခဲဖြစ်နေရင် မော်တော်ယာဉ် တင်သွင်းမှုကော်မတီကို ဆက်သွယ်ပါ။ မြန်မြန်မော်တော်ကားအသစ်တွေ ရောက်ရှိ စေချင်ပါတယ်။ ပုံမှန် သွင်းကုန်လိုင်စင်ဖြင့် လျောက်ထားလာပါကလည်း ကန့်သတ်ချက်မရှိဘဲ ၂၀ ယောက်စီးနှင့်အထက် ၂၀၀၇ မော်ဒယ်နှင့်အထက် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

b5_6_07_6
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော စစ်ကျန်ဘတ်စကားတစ်စီး


တက္ကစီနှင့် ခရီးသည်တင် ဘတ်စကားများအတွက် ကန့်သတ်ချက် ထားရှိသည့်အပြင် အပ်နှံခွင့်ပြုရာ၌ ပါဝင်သည့် ကားဟောင်းများဖြစ်နေပါက အပ်နှံခြင်းမပြု၍ရသော်လည်း လမ်းဖြင့်မကိုက်အောင် စုတ်ချာနေ ပါက လမ်းပေါ်တက်မောင်းလျင် ဒဏ်ကြေးထပ်မံတပ်ရိုက်ရန် စီစဉ်နေ သည်ဟု သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ''အခု လူတိုင်းကို ကားတင်သွင်းခွင့် ပေးလိုက်ပြီဆိုတော့ ယာဉ်အို ယာဉ်ဟောင်းတွေ အပ်ချင်မှ အပ်ကြတော့မှာပါ။ အရင်က ပါမစ်ဈေးလေးက ကောင်းနေတော့ ကားဟောင်းကနေ ကားသစ်ဖြစ်မယ်ဆိုပြီး လာကြတာ။ ကျွန်တော်တို့ကတော့ 'ပ' အက္ခရာအထိ ဆက်လုပ်ပေးသွားမယ်။ ကျန်တာတော့ နှစ် ၂၀ ကျော်၊ နှစ် ၄၀ ကျော်တွက်နေတာ။ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေရောက်ရင် ဘယ်နံပါတ်တွေကတော့ အပ်တာ လက်ခံမယ်ဆိုပြီး ထုတ်ပြန်ပေးသွားမယ်''ဟု ပြောကြားခဲ့သည်။

ရှစ်လအတွင်းမှာ ကားနဲ့ပတ်သက်တဲ့ မူဝါဒ ခြောက်ကြိမ်ပြောင်းခဲ့တယ်။ ကားတွေ တိုးလာတယ်။ မြို့နေလူထုရဲ့ ၉၈ ရာခိုင်နှုန်းသော လူဦးရေ အသုံးပြုနေတဲ့ ဘတ်စကားနဲ့ တက္ကစီတွေက စုတ်တုန်းဟောင်းတုန်းဘဲ။ ဘတ်စကား ကောင်းကောင်းတွေ မစီးရ၊ တက္ကစီကောင်းကောင်းတွေ မစီးရ။ ကားတွေ ပိုကျပ်လာတယ်။ ကားပေါ်မှာပဲ အချိန်ကုန်နေရတယ်။  ဒါဆိုအများ ပြည်သူအကျိုး တကယ်ရှိလား၊ မရှိဘူးလား ပြန်ဆန်းစစ်ကြည့်ပါ။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ''လဲရမယ့် ကားတွေက မိဘအမွေ အနှစ်ကားမို့လို့ အိမ်မှာပဲ သိမ်းထားချင်တယ်ဆိုရင် ဘာမှ ပြဿနာမရှိဘူး။ ဒါပေမယ့် လမ်းပေါ်မှာသွားနေလို့ လမ်းအန္တရာယ် ထိခိုက်မယ်ဆိုရင် မလွဲမသေအပ်ရမယ်။ မအပ်ရင် Fine ဆိုတဲ့ ဒဏ်ကြီးတွေက များလိမ့်မယ်။ ဒဏ်ကြေးဆိုတာ ထိရောက်တဲ့ ပမာဏကို ပြောတာ။ ဒီလူက ၅ ကျပ်နဲ့ မလုပ်တော့ဘူးဆိုရင် ၅ ကျပ်နဲ့ သွားမယ်။ တစ်သိန်းလောက်မှ မလုပ်တော့ဘူးဆိုရင် တစ်သိန်းလောက်သွားမယ်။ နည်းတယ်၊ များတယ်ဆိုတာ ဘယ်လောက် လိုက်နာမှုရှိတယ်ဆိုတဲ့အပေါ် မှာ မူတည်သွားမယ်''ဟု ပြောကြားခဲ့သည်။

ယင်းအပြင်၂၀၀၇ ခုနှစ်အထက် မော်တော်ယာဉ်များ(ဘတ်စကားမှ အပ)တင်သွင်းလိုသူများသည် နိုင်ငံခြားဘဏ်များနှင့် အဆက်အသွယ်ရှိသည့် အစိုးရဘဏ်များ(သို့)ပုဂ္ဂလိက ဘဏ်များတွင် ငွေစာရင်း(Bank Account) ဖွင့်လှစ်ပြီးပါက နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်များ သွားရောက်လျှောက်ထားရမည် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း က''ကျွန်တော်တို့ ရုံးတွင်းဆိုင်ရာ လာ ရောက်လျှောက်ထားတဲ့အခါမှာ လိုင်စင်ထုတ်ပေးနိုင်တဲ့အထိ အဆင်ပြေအောင် အစီအစဉ်ချပြီးတာနဲ့ နှစ်ရကလောက်အတွင်း လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

b5_6_07_5
အန္တရာယ်ရှိသော ပုံစံမျိုးဖြင့် စီးနင်းနေရသည့် ရန်ကုန်မြို့တွင်းသွား ခရီးသည်များ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''ဒီနေရာမှာ ကျွန်တော်အလျဉ်းသင့်လို့ ပြောချင်ပါတယ်။ ကားနဲ့ပတ်သက်လို့ ထိုင်းမှာဆိုရင် လူ ၁၀၀၀မှာ လူ ၂၇၀ ကားစီးနိုင်တယ်။ လာအိုမှာ ၂၁၊ ကမ္ဘောဒီးယားမှာ ၂၀၊ ဗီယက်နမ်မှာ ၁၃ ယောက် စီးနိုင်ပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်ကို မီဖို့ဆိုရင် ကားအစီးရေ ၃ ဒသမ ၈ သိန်းလောက် တင်သွင်းရမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
''ဗီယက်နမ်ကိုမီဖို့ နောက်ထပ် နှစ်ဆဖြစ်အောင် ကားစီးရေ ၃ ဒသမ ၈ သိန်းလောက် တင်သွင်းရမယ်လို့ ပြောတယ်။ ဗီယက်နမ်ရဲ့ လူတစ်ဦးချင်းဝင်ငွေနဲ့ မြန်မာရဲ့ လူတစ်ဦးချင်း ၀င်ငွေယှဉ်ကြည့်ပါဦး။ ဗီယက်နမ်နိုင်ငံရဲ့ လမ်းအခြေအနေကို ရောက်ဖူးတဲ့သူတိုင်း သိပါတယ်။ အရေးကြီးတဲ့နေရာ ရောက်နေတဲ့သူက ဒါမျိုး မပြောသင့်ပါဘူး။ ဗီယက်နမ်ရဲ့ လူတစ်ဦးချင်းဝင်ငွေက ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၃၅၉ ရှိတယ်။ မြန်မာက အမေရိကန်ဒေါ်လာ ၁၃၂၅ ပဲ ရှိတယ်လို့ IMF  ထုတ်ပြန်ထားတာ''ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သတင်းထောက်တစ်ဦးက ပြောသည်။

တက္ကစီ လဲလှယ်တင်သွင်းရန် ခက်ခဲနေသူ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ကိုသူရက''ဒီအခွန်နဲ့ဆို ကျွန်တော် လုံးဝ မလဲနိုင်ဘူး။ ဒီကြားထဲ ကားမူဝါဒတွေ တစ်ကြိမ်ပြီးတစ်ကြိမ်ပြောင်း ကောင်းစားတဲ့ လူတစ်စုက ကောင်းစား ဘ၀ပျက်သွားတဲ့သူက ကားဟောင်း ပိုင်ရှင်လေးတွေ။ လာကြည့် မန္တလေးမှာ လေးဘီးတွေကို သတင်းကြိုရတဲ့ လုပ်ငန်းရှင်တွေက ကျပ်သိန်း ၂၀ နဲ့ ပေးဝယ်တယ်။ ရောင်းလိုက်တယ်။ အလုပ်လက်မဲ့ဖြစ်ပြီး အခုသိန်း ၂၀ လည်းကုန် အလုပ်လည်းမရှိ ဘ၀တွေပျက်။ ၀န်ကြီးဌာနတွေနဲ့ပေါင်းတဲ့ လုပ်ငန်းရှင်တွေ ချမ်းသာသွားတယ်။ အခု ၂၀၀၇ မော်ဒယ်အထက် သွင်းခွင့်ပေးလိုက်တယ်။ ကျွန်တော့် တက္ကစီဈေး ပြုတ်ကျသွားတယ်၊ နာပြန်တာပဲ။ လဲဖို့ကျတော့လည်း ဒီအခွန်နှုန်းနဲ့ မတတ်နိုင်၊ ထပ်သုံးဖို့ကျတော့လည်း ကားစုတ်ရင် ဒဏ်ရိုက်ခံရဦးမယ်ဆိုတော့ အပြီးသာလာ သိမ်းသွားတော့ဗျာ။ လူတွေလည်း ဘ၀ပျက်နေပါပြီ။ သေအောင်သာ သတ်လိုက်ကြတော့''ဟု ပြောခဲ့သည်။
b5_6_07_4
စစ်ကျန်ဘတ်စကားစီး ရန်ကုန်မြို့မှ ခရီးသွားများ
ရန်ကုန်မြို့မှ တက္ကစီယာဉ်ပိုင်ရှင်တစ်ဦးကလည်း ''ကျွန်တော်က 'ဒ' နံပါတ်ပါ၊ ပြန်မသွင်းနိုင်လို့ ဒီအတိုင်းပဲ သုံးနေရတယ်။ စုတ်နေပြီ။ အခု မအပ်နိုင်လို့ အစုတ်အတိုင်း စီးပြန်တော့လဲ ဒဏ်ကြေးကောက်ဦးမယ်။ သွင်းဖို့ ကျတော့လဲ ဇိမ်ခံကားတွေနဲ့ တန်းတူ အခွန်ပေးရမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ သူပြောသလို အိမ်ထဲမှာ သိမ်းထားတော့ မိသားစု ဘာနဲ့စားမလဲ။ ဒဏ်ရိုက်ခံပြီး ၀မ်းစာရှာရင်းနဲ့ ကိုယ့်စားအိုးလေးကို ဘယ်နေ့ နယ်နှင် မလဲ၊ ဘယ်နေ့ မဖြစ်မနေ အပ်ခိုင်းမလဲ ထိုင်စောင့်ရုံပဲ ရှိတော့တယ်။ ကျွန် တော့်သူငယ်ချင်းကတော့ စားအိုးလေး ပျောက်သွားပြီ။ သူ့မှာ တက္ကစီနှစ်စီး ရှိတယ်။ အားလုံးအပ်လိုက်ပြီး ကားတစ်စီး ပြန်သွင်းတယ်။ ကားက မြန်မာနိုင်ငံတောင် မရောက်သေးဘူး သူတို့ မူဝါဒပြောင်းလိုက်တာ အဲဒီသွင်းထားတဲ့ကားက ကျပ်သိန်း ၂၀၀ တောင် မတန်တော့ဘူး။ သွားပြီ တက္ကစီနှစ်စီးမှာ တစ်စီးဆုံးသွားပြီ။ အခုရမယ့် တစ်စီးကလည်း ဘာမှ တန်ကြေးမရှိတော့ဘူး။ အိမ်ကားတွေနဲ့ အတူတူ အခွန်ဆောင် သွင်းတာလေသေပြီပေါ့''ဟု ပြောပြခဲ့သည်။
မူဝါဒ တည်ငြိမ်မှု မရှိခြင်း၏ သက်ရောက်မှုမှာ အများပြည်သူအပေါ် သက်ရောက်မှုကြီးမားကြောင်းကို  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင်က''တစ်သမတ်တည်း မဟုတ်တဲ့ မူဝါဒတွေက လုပ်ငန်း ရှင်ဖြစ်ဖြစ် အဲဒီကဏ္ဍနဲ့ သက်ဆိုင်တဲ့ အများပြည်သူကိုဖြစ်ဖြစ် ထိခိုက်စေတယ်။ အခု မူဝါဒ အပြောင်းအလဲကြောင့် လူလတ်တန်းစား လုပ်ငန်းရှင်တွေ အများကြီး နစ်နာသလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အခုလို မတည်ငြိမ်မှုတွေကြောင့် ယုံကြည်မှုမရှိဘူး။ မူဝါဒတစ်ခုကို သက်ဆိုင်ရာက ချမှတ်တယ်ဆိုရင် ဒီမူဝါဒကိုယုံပြီး လုပ်ငန်းရှင်က ရှိသမျှ ကိုယ်လုပ်နိုင်စွမ်းသမျှ အကုန်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်တယ်၊ ပြီးမှ ပြောင်းတယ် ဆိုတော့ အကုန် ထိခိုက်ကုန်တာပေါ့။ ထိခိုက်တာထက် ဘယ်သူမှလည်း မူဝါဒချမှတ်တဲ့အပေါ် နောက်ထပ် မယုံတော့ဘူး။ အကောင်းဆုံး ဥပမာ ပြောပါဆိုရင် ငွေကြေးစနစ်ကို သက်ဆိုင်ရာက ယတိပြတ် မဆုံးဖြတ်နိုင်ခဲ့ လို့ ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်း ထိုးကျပြီး စိုက်ပျိုးတဲ့ တောင်သူ၊ ငါးပုစွန် မွေးမြူသူအားလုံး ဒီနေ့အထိ ဒီဒဏ်ကို ခံနေရတုန်း။ စိုက်တဲ့သူရော မွေးတဲ့သူရော မမှားဘူး၊ စိုက်တာလည်း အထွက်နှုန်း ကောင်းတယ်၊ မွေးတဲ့ ထုတ်ကုန်လည်း ကောင်းတယ်။ ဖျက်ဆီးပစ်တာ မူဝါဒမခိုင်မာတဲ့ ငွေကြေးစနစ်ကြောင့်ပါ။ အခုလည်းဒီလိုပဲ။ နောင်ကို မူဝါဒတစ်ခုချမှတ်မယ်ဆိုရင် တစ်သမတ်တည်း ချမှတ်နိုင်အောင် လုပ်သင့်တယ် မဟုတ်ရင် ပြည်ပက လုပ်ငန်းရှင်မှမဟုတ်ဘူး ပြည်တွင်း လုပ်ငန်းရှင်တွေပါ ယုံကြည်မှာမဟုတ်တော့ဘူး''ဟု ရှင်းပြခဲ့သည်။
''၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော် အမှတ် (၂) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲမှာ ကျွန်တော်ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီးတွေကို အများပြည်သူ အားထား သုံးစွဲနေရတဲ့ ဘတ်စကား၊ တက္ကစီ၊ နယ်မှာ အများသုံးနိုင်တဲ့ ပစ်ကပ်ယာဉ်တွေ အများပြည်သူ တင်သွင်းဖို့ ခက်ခဲနေတာတွေကို ပြင်ဆင်ပေးဖို့ ရှိ၊ မရှိ မေးခွန်းမေးခဲ့တယ်။ တာဝန်ရှိသူတွေက ဆွေးနွေးပြီး လုပ်ပေးသွား ပါမယ်လို့ပြောထားတယ်။ အခုပြောထားတာ ခုနစ်လထဲကို ရောက်နေပါပြီ။ တင်သွင်းထားတဲ့ ကားအစီးရေ ၅၀၀၀၀ နီးပါး ရှိနေပြီ၊ အများနဲ့ဆိုင်တဲ့ကားတွေ ဘယ်လောက်ပါသလဲ။ အများပြည်သူ အဲယားကွန်းဘတ်စကား စီးနိုင်နေပြီလား။ မူဝါဒတွေ ခဏခဏပြောင်းပြီး ချမှတ်နေတယ်။ တက္ကစီ၊ ဘတ်စကား အလွယ်တကူ လဲလှယ်နိုင်တဲ့ အစီအစဉ် တစ်ချက်မှ မပါသေးဘူး။ ရန်ကုန်မှာပဲ တွက်ကြည့် ကိုယ်ပိုင်ကားစီးနေတာ မြို့လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းတောင် မရှိဘူး။ ရှစ်လအတွင်းမှာ ကားနဲ့ပတ်သက်တဲ့ မူဝါဒ ခြောက်ကြိမ် ပြောင်းခဲ့တယ်။ ကားတွေတိုးလာတယ်။ မြို့နေလူထုရဲ့ ၉၈ ရာခိုင်နှုန်းသော လူဦးရေ အသုံးပြုနေတဲ့ ဘတ်စကားနဲ့ တက္ကစီတွေက စုတ်တုန်းဟောင်းတုန်းဘဲ။ ဘတ်စကား ကောင်းကောင်းတွေ မစီးရ၊ တက္ကစီကောင်းကောင်းတွေ မစီးရ။ ကားတွေ ပိုကျပ်လာတယ်။ ကားပေါ်မှာပဲ အချိန်ကုန်နေရတယ်။  ဒါဆို အများပြည်သူ အကျိုးတကယ်ရှိလား၊မရှိဘူးလား ပြန်ဆန်းစစ်ကြည့်ပါ။ တက္ကစီ၊ ဘတ်စကား သွင်းခွင့်ပေးတယ်၊ လက်ရှိ အခွန်နှုန်းအတိုင်းတဲ့။ ၂၀၀၇ မော်ဒယ်အထက် ဘယ်မောင်းဆိုပြီး ကန့်သတ်ထားသေးတယ်။ တကယ်ဆို တက္ကစီနဲ့ ဘတ်စကားကို အခွန် လုံးဝ ကင်းလွတ်ခွင့်ပေးပြီး လဲလှယ်တင်သွင်းခွင့်ပြုရမှာ။ ရန်ကုန်မှာလဲဖို့အတွက် တက္ကစီက အနည်းဆုံး ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြားမှာ ရှိတယ်။ ဒီအခွန်နှုန်းအတိုင်းဆို ဘယ်သူမှ တက္ကစီအဟောင်း လာအပ်ပြီး ပြန်သွင်းနိုင်မှာ မဟုတ်ဘူး။ အစုတ်အတိုင်းပဲ သုံးကြမှာ''ဟု Weekly Eleven News ဂျာနယ်မှ သတင်းထောက်ချုပ် ကိုမာန်သူရှိန်က ပြောပါသည်။
''၀န်ကြီးကပြောသွားတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ဆွေးနွေးပြီး အခုလို ကားတွေ တင်သွင်းခွင့်ပြုမယ်ဆိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့က မထောက်ပံ့ဘဲနဲ့ ဘယ်ဝင်ငွေနဲ့ လမ်းတွေ၊ infrastructure ပြင်မလဲ။ ဒါမှမဟုတ် ဘတ်ဂျက်မလုံလောက်ရင် ပြည်သူတွေဆီကပဲ အခွန်တွေ တိုးကောက်ရင်တော့ မဖြစ်ဘူး။ အခုတောင် ယာဉ်ရပ်နားခက အရင် ၁၀၀ ကနေ ၃၀၀ ကို တိုးကောက်လိုက်တယ်။ စည်ပင်သာယာအခွန်တွေလည်း တက်လာတယ်။ စည်ပင်ကလည်း သူ့ဘတ်ဂျက်လောက်မှာ မဟုတ်ဘူး။  ဒါကြောင့် ပြည်သူလူထုဆီက ပိုက်ဆံတွေ တိုးကောက်ဖို့ဆိုတာလည်း အဓိပ္ပာယ် သိပ်မရှိဘူး။ ကားတွေ သွင်းခွင့်ပေးထားတယ်။ ကားစီးရေ ၅၀၀၀၀ လောက်ရှိတယ်။ အဲဒီကားတွေအတွက် ရတဲ့အခွန်ငွေက ကျပ်ဘီလျံ ၃၀၀ နဲ့ ၅၀၀ ကြား ရှိတယ်။ အဲဒီငွေကို ဒီနေရာတွေမှာ ပြန်သုံးရမှာပေါ့။ ခုံးကျော်တံတား ဆောက်မယ်ပြောတယ်။ ပြီးတော့ အဲဒီအတွက် BOT ပေးပြီး ပြည်သူတွေဆီက ပိုက်ဆံပြန်ကောက်မယ်ပြောတယ်။ ဒါကိုတော့ ကျွန်တော်တို့ ထောက်ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ ကားတွေသွင်းလို့ အခွန်ငွေတွေကိုကျတော့ အစိုးရက ရတယ်။ တံတားဆောက်ပြီး ပြည်သူ ဆီက ငွေပြန်ကောက်မယ်ပြောတယ်။ ဒါကြောင့် ကန့်ကွက်တာ။ ခုံးကျော်တံတားဆောက်တာကို ကန့်ကွက်တာ လုံးဝမဟုတ်ဘူး။  ကားတွေသွင်းလို့ အခွန်တွေရတာက အစိုးရ၊ ကားတွေများပြီး လမ်းကျပ်လို့ ခုံးကျော် တံတားဆောက်ပြီး BOT စနစ်နဲ့ အကျိုးအမြတ်ရမှာက အစိုးရက ခွင့်ပြုတဲ့ ကုမ္ပဏီတွေ။ ပြည်သူတွေကျတော့ တစ်သက်လုံး ပိုက်ဆံပေးရတော့မှာ။ ကျွန်တော်တို့က အဲဒါကို ကန့်ကွက်တာ။ အခုကားတွေ ပိုကျပ်လာတော့ မယ်။ ကျွန်တော်တို့က ကန့်ကွက်လို့ပဲ ခုံးကျော်တံတားတွေ မဆောက်တော့ သယောင်ပြောတာမျိုး မဖြစ်သင့်ဘူး။ ကျွန်တော်တို့က ဖြစ်သင့်တာကို ထောက်ပြတာပါ။ အဲဒီတော့ ဒါတွေ ဆောက်ဖို့ဆိုရင် ဘယ်က ငွေရမလဲ၊ ပြည်ထောင်စုအစိုးရက ပေးမှရမယ်။ ဘယ်လိုပေးသင့်လဲ။ ကားအတွက် ကောက်ထားတဲ့ ငွေတွေကနေ ပြန်ပေးသင့်တယ်။ ကားနဲ့ကောက်ထားတာတွေကလည်း ပြည်သူလူထုဆီ ကပဲ။ ပြည်သူလူထု လမ်းကျပ်နေရင် ချဲ့ပေးရမှာ၊ ပြုပြင်ပေးရမှာ အစိုးရ တာဝန်ပဲ''ဟု Weekly Eleven News Journal  အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
''ကျွန်တော် ကားကိစ္စတွေနဲ့ ပတ်သက်တဲ့ ဘာစီးပွားရေးမှ မလုပ်ပါဘူး။ ကျွန်တော်မြင်တာသက်သက်ကို ပြောချင်ပါတယ်။ ခုကားဈေးကွက်မှာ ဈေးတွေကျပြီဆိုပြီး ခံရတာတွေဟာ တော်တော်များများကို ဆင့်ကဲဆင့်ကဲ သက်ရောက်သွားတဲ့ ဖြစ်စဉ်တစ်ခုလို့ မြင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိမ်လည်မှုတွေနဲ့ အမှုအခင်းတွေ ရှိလာနိုင်ပါတယ်။ ဒီမူဝါဒဟာ ကားဝယ်စီးချင်သူ၊ ၀ယ်စီးဖို့ တာစူနေသူတချို့ ကြိုက်ကြပါလိမ့်မယ်။ ကျွန်တော်တို့လို အလယ်အလတ်စား လုပ်ငန်းရှင်တွေနေရာက ကြည့်ရင်တော့ အချိန်ကာလတိုအတွင်းမှာ ကြိုတင်အသိ ပေးခြင်းမရှိဘဲ အမျိုးမျိုး ပြောင်းလဲတာနဲ့ ပတ်သက်ပြီး မူဝါဒချမှတ်သူတွေအပေါ် ယုံကြည်မှု ကင်းမဲ့စေနိုင်ပါတယ်။ မူဝါဒ ချမှတ်သူတွေအနေနဲ့လည်း အကျိုးအပြစ် ဘယ်လောက်ရှိနိုင်မယ်ဆိုတာကို ချိန်ဆစေချင်ပါတယ်။ ကွက်ကွက်ကလေး မကြည့်စေချင်ပါဘူး။ တကယ်တော့ ကားနဲ့ ပတ်သက်ရင် အကျိုးအမြတ် တော်တော်များများ ရသွားတဲ့သူတွေက အခုလက်ရှိ ဒီနယ်ပယ်မှာ ရှိမနေတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်တန်းစား လုပ်ငန်းရှင်တွေဟာ စီးပွားရေးအတွက် မောင်းနှင်အားတွေပါ။ သူတို့တွေရဲ့ ယုံကြည်မှု ကင်းမဲ့တဲ့အသံတွေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီ ရောက်နိုင်လို့ တန်ပြန်သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ရှင်းရှင်းပြောရရင် အရင်အစိုးရလက်ထက်တုန်းကလို မယုံကြည်နိုင်မှုတွေ ပြန်ဖြစ်လာလိမ့်မယ်''ဟု အမည်မဖော်လိုသူ စက်ရုံပိုင်ရှင်တစ်ဦးက သုံးသပ်ခဲ့ပါသည်။

''ပြည်သူလူထုဆီက မေတ္တာတရားကို လိုချင်ရင် တကယ်ရိုးသားဖြောင့်မတ်မှ ရမယ်။ အပေါ်ယံ ပြောင်းလဲမှုတွေနဲ့တော့ မရဘူး။  ကားနဲ့ပတ်သက်တဲ့ မူဝါဒတွေက ဟိုးအစဉ်အဆက်ကတည်းက မှားလာတာ။ ပြည်သူ လူထုတွေကသာ ကားတစ်စီးကို သိန်းထောင်ချီ ပေးစီးခဲ့ရတာ။ ချမ်းသာတဲ့သူတွေက အရမ်းချမ်းသာသွားပြီ။ ဒီလူဒီလူတွေပဲ။ အခုလည်းကြည့်လေ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ပေးတယ်ဆိုတဲ့ ကားတွေက အင်ဂျင်ပါဝါကြီးပြီး ဆီစားတဲ့ကားတွေ။ ဒီမတိုင်မီကတည်းက ဆီဆိုင်တွေက ဘယ်သူတွေ လက်ထဲ ရောက်နေပြီလဲ။ ဆီကိစ္စထားဦး၊ ဒီကားတွေမောင်းရမယ့်လမ်းတွေ တံတားတွေမှာ အသုံးပြုခွင့်ကို  BOT စနစ်နဲ့ ကောက်ခွင့်ရထားတာကရော ဘယ်သူတွေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။ ဒါကြောင့် ကားတင်သွင်းခွင့်ပြုတဲ့ မူဝါဒ အပြောင်းအလဲတွေ မကြာခဏလုပ်လို့ ဘယ်သူတွေ အမြတ်ရသွားသလဲ။ ကားဈေးဆက်တိုက် အကျမှာရှုံးသွားတဲ့ လူလတ်တန်းစားတွေဆီက ငွေတွေကို ညှစ်ထုတ်ပြီး ယူသွားတဲ့အတွက် ခံစားရတဲ့သူတွေက အစိုးရထဲက ကားမူဝါဒချမှတ်တဲ့သူ ၀န်ကြီးတစ်စုကိုပဲ အပြစ်တင်ရမှာပါပဲ။ လူတိုင်း ကားစီးစေချင်လို့ အစိုးရက စေ တနာထားတယ်ဆိုရင် လူများစုအကျိုးအတွက် လုပ်တယ်ဆိုရင် ကြပ်နေတဲ့လမ်းတွေပေါ်မှာ တက္ကစီအစုတ်တွေ၊ ဘတ်စကားအစုတ်တွေကို မြင်စရာ မရှိပါဘူး။ ဒါကြောင့် တကယ့် တကယ် ဘယ်သူတွေက အကျိုးအမြတ် ပိုရှိသွားသလဲ စဉ်းစားကြည့်ကြပါ''ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်အရ ကားသွင်းခွင့်ပေးစဉ် ရှစ်လတာကာလအတွင်း  ခြောက်ကြိမ်ပြောင်းလဲခဲ့သည့် မူဝါဒများ
၁။ Van, Minivan နှင့် Wagon အမျိုးအစား ခွဲခြားမှု နိုင်ငံတကာသတ်မှတ်ချက်ဖြင့် ကွဲလွဲမှု ပြန်လည်သတ်မှတ်ခြင်း။
၂။ ကား CIF ဈေးနှုန်းသစ်နှင့် တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်များ ပြင်ဆင်သတ်မှတ်ခြင်း။ ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ပြင်ဆင်သတ်မှတ်လိုက်ပြီး ကားအမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးခြင်း။
၃။ နိုင်ငံခြားငွေဖြင့် အခွန်ထမ်းဆောင်ထားသူများအား ကြေညာထားသည့်အတိုင်း ပါမစ်အားလုံး ခွင့်ပြုမပေးဘဲ ၃၀၀၀ တစ်သုတ်အဖြစ် ကန့်သတ်ချက် ပြင်ဆင်ခြင်း။ ၃၀၀၀ နောက်ပိုင်း သင်္ဘောသားများ ယနေ့အထိ လျှောက်ထားသော်လည်း ပါမစ် မရရှိခြင်း။
၎။ ကညနမှ ကောက်ခံသည့် ယာယီမှတ်ပုံတင်ကြေးအား ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်း။ အင်ဂျင်ပါဝါအလိုက် ၅၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ခွဲခြားသတ်မှတ် ကောက်ခံခြင်း။
၅။ မော်ဒယ်ကွဲလွဲသည်ဟု သတ်မှတ်ခံရသည့် ကားများအပေါ် တပ်ရိုက်သည့် ဒဏ်ကြေးအား ပြင်ဆင်သတ်မှတ်ခြင်း။ ဂျပန်နိုင်ငံမှ ၁၉၉၆ မော်ဒယ်ဟု သတ်မှတ်ကာ တင်ပို့လိုက်သောကားများ မြန်မာနိုင်ငံမှ စစ်ဆေးချက်အရ ၁၉၉၅ မော်ဒယ်ဖြစ်သည့် ဖြစ်ရပ်မျိုးများစွာ ဖြစ်ပေါ်ပြီးနောက် မော်ဒယ်တစ်နှစ်နိမ့်လျှင် ဒဏ်ကြေးသုံးဆ တပ်ရိုက်ခြင်းအစား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး ယခင်ဒဏ်ကြေး ပေးသွင်းပြီးသူများမှာ ပြန်လည် ထုတ်ယူခွင့်မရ၍ နစ်နာရခြင်း။

၆။ ယခု ၂၀၀၇ မော်ဒယ်နှင့်အထက်ကားများ ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။