Wednesday, May 23, 2012

ကားတင်သွင်းခွင့်ပြုနောက် တိုးမြင့်လာသည့် ကန်ဒေါ်လာငွေလဲနှုန်း

နိုင်ငံသားတိုင်းအား ကားတင်သွင်းခွင့်ပြုလိုက်ပြီး (၁၀)ရက်တာကာလအတွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း သိသိသာသာမြင့်တက်ခဲ့ကြောင်း ပြည်တွင်းငွေလဲကောင်တာများနှင့်နိုင်ငံခြားငွေရောင်း ဝယ်သည့်ဈေးကွက်အတွင်းက သိရှိရသည်။

 
“မေလလဆန်းပိုင်းကတည်းက တစ်ဒေါ်လာကို ၈၃၀ ကျပ် ကျော်အထိ မြင့်တက်လာတယ်။ လာ ရောင်း/ဝယ်သူလည်း တိုးလာတယ်။ နိုင်ငံတော်အစိုးရရဲ့ တိုးတက်ပြောင်းလဲမှုတွေနဲ့ နိုင်ငံခြားက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ပြည်ပက ရင်းနှီးမြှပ်နှံမှုတွေလည်း ဝင်နေတဲ့အတွက်ကြောင့် ငွေလဲနှုန်း တက်လာတယ်လို့ ထင်ပါတယ်”ဟု မြဝတီဘဏ်မှ ဘဏ်ဝန်းထမ်း ကိုနေမျိုးအောင်က ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်လာသည့်အပေါ်တွင် ၎င်း၏အမြင်ကို ပြောသည်။
 
ထိုကဲ့သို့မြင့်တက်ခဲ့ခြင်းသည် အဓိကအားဖြင့် မေလ(၇) ရက်နေ့မှ စတင်၍ နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ထားသော   မြန်မာနိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက် မော်တော်ယာဉ်များအား တင် သွင်းခွင့် ပြုလိုက်သည့် ဂယက်ကြောင့်ဟု ရန်ကုန်မြို့တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ် ပြောဆိုကြသည်။
 
“ဒေါ်လာအရောင်းအဝယ်သမားတွေကတော့ အဓိကက ဒီကားတင်သွင်းခွင့်ကြောင့် ဒေါ်လာဈေး သိသိသာသာ   ပြန်မြင့်တက်လာတယ်လို့ မြင်ပါတယ်။ အခု မေလအတွင်းမှာ ဒေါ်လာအရောင်းအဝယ် ဈေးကွက်နည်းနည်း   ပြန်လှုပ်လာတယ်”ဟု ရန်ကုန်မြို့အတွင်းရှိ ဝါရင့်နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သော ဦးမြင့်သန်းက ပြောသည်။
 
နေပြည်တော်တွင် မေလ(၇)ရက်နေ့က ကျင်းပခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၃/၂၀၁၂) တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားငွေဘဏ် စာရင်းဖွင့်လှစ် ထားသော   မြန်မာနိုင်ငံသားများကို ၂၀၀၇ ခုနှစ်မော်ဒယ် နှင့် အထက်ယာဉ်များ (ခရီးသည်တင် ဘက်စ် ကားများမှအပ) ကို ဘယ်မောင်း/ညာမောင်း မခွဲခြားဘဲ  ကားတင်သွင်းခွင့်ပြုမည်ဟု   ပြောကြားခဲ့ကြောင်း   နိုင်ငံပိုင်သတင်းစာများ တွင် ဖော်ပြခဲ့သည်။ 
 
ဧပြီလကုန်ပိုင်းအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင်ကျပ် (၈၂၀)ဝန်းကျင်သာ ရှိခဲ့ရာမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားငွေဘဏ်စာရင်းရှိပြီးသူများကို ကားတင်သွင်းခွင့်ပြုပြီးနောက် မေလ(၉)ရက်နေ့မှ စတင်ကာ သတ်မှတ်ချက်များနှင့်အညီ ကားတင်သွင်းခွင့်ပြုခဲ့ပြီး ရက်ပိုင်းအတွင်း အမေရိ ကန်တစ်ဒေါ်လာလျှင်(၈၃၄)ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။
 
သင်္ကြကာလအပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ သိသိသာသာပြောင်းလဲမှုများဖြစ်ပေါ် ခဲ့ပြီး မေလအတွင်း၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ မြင့်တက်လာခဲ့သလို၊ ရွှေဈေးနှုန်း၊ ကားဈေးနှုန်းနှင့် အိမ်ခြံမြေဈေးနှုန်း အပြောင်းအလဲများ သိသိသာဖြစ်ပေါ်ခဲ့သည်ဟု ဝါရင့်စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ် ပြောဆိုသည်။
 
ရန်ကုန်မြို့အတွင်းရှိ နိုင်ငံခြားငွေလဲလှယ်နိုင်သည့် ကောင်တာများ၌ မေလ(၁၂)ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် (၈၃၄)ကျပ်နှုန်း၊ မေလ (၁၆) ရက်နေ့တွင် (၈၃၁) ကျပ်နှုန်း၊ မေလ (၂၁) ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် (၈၃၇) ကျပ်နှုန်းနှင့် မေလ (၂၂) ရက်နေ့တွင် (၈၃၈)သို့ မြင့်တတ်လာခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။