Monday, May 28, 2012

 အစိုးရ၀န်ကြီးများ ပြည်သူ့အသံကို နားထောင်၍ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

7348
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားနေစဉ်
အစိုးရ၀န်ကြီးများ အနေဖြင့် ပြည်သူ့အသံကို နားထောင်၍ ပြည် သူ့ဆန္ဒကို ဖြည့်ဆည်းပေးကြပါရန် မေတ္တာရပ်ခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် NLD  ရုံးခန်းဖွင့်ပွဲတွင် ပြည်သူလူထုမှ ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းသုံးခု ပေးပို့၍ ဖြေကြားပေးပါရန် တောင်းဆိုခဲ့ရာ အဆိုပါမေးခွန်း သုံးခုမှ တစ်ခုဖြစ်သော ‘ဒီမိုကရေစီ နိုင်ငံအသီးသီးမှာ သိက္ခာရှိတဲ့ဝန်ကြီး တွေဟာ မိမိတို့တာဝန်ယူထားတဲ့ ဌာနတွေအတွက် နစ်နာစေမယ့် အဖြစ်မျိုး ပြုလုပ်မိခဲ့ရင် မိမိတို့အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်တွေက နှုတ်ထွက်သွားကြပါတယ်။ မြန်မာနိုင်ငံကရော ဒီလိုသိက္ခာရှိတဲ့ ၀န်ကြီးများ ရှိပါသလား’ဟု မေးမြန်းခြင်းအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းအား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် ပြည်သူတွေဆီမှ ဒီမေးခွန်း တက်လာကတည်းက အဖြေသိပြီးသား ဖြစ်မည်ထင်ကြောင်း၊ မိမိတို့ နိုင်ငံအား ရှေ့သို့ ရှောရှောရှုရှု အေးအေးချမ်းချမ်း သွားရန် အတွက် တစ်ဖက်နှင့်တစ်ဖက် သည်းခံရန် လိုအပ်ကြောင်း၊ နိုင်ငံအကျိုး ပြည်သူအကျိုးအတွက် လိုအပ်သလောက် သည်းခံရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သည်းခံခိုင်းခြင်းမှ အချိန်အကန့် အသတ်မရှိ မဟုတ်ကြောင်း၊ အတိုင်းအတာတစ်ခုထိ သည်းခံရမည်ဖြစ်ပြီး အတိုင်းအတာထက် ကျော်လွန်ပါက စိတ်ရှည်သည်းခံခြင်း မဟုတ်ဘဲ အညံ့ခံခြင်း ဖြစ်သွားနိုင်ကြောင်း၊ သူမ အနေဖြင့် မည်သူ့ကိုမှ ရာထူးတာဝန်မှ မထွက်စေချင်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ကတော့ ဘယ်သူဘယ်ဝါကိုမှ ရာထူးတာဝန် ကနေ ထွက်ပေးရတဲ့ အနေအထားမျိုး မရောက်စေချင်ပါဘူး။ အဲဒါကြောင့်မို့လို့ အဲဒီလိုအနေအထား မရောက် အောင်လို့ တာဝန်သိသိနဲ့ လုပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုက ခွင့်လွှတ်တတ်တဲ့ စိတ်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါကြောင့် အတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီဖြစ်ရပ်တွေဟာ သင်ခန်းစာ အနေနဲ့ပဲ စိတ်ထဲမှာထားပြီးတော့ အခု ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အင်မတန်လှပလာမှာပါ။ ဒါကြောင့်မို့လို့ ပြည်သူရဲ့အသံကို နားထောင်ကြပါ။ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြည်သူလူထုသို့ ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းမြောက်များစွာ ပြည်သူ့အသံကို မကြားရ ကြားရကောင်း မှန်းလဲ မသိခဲ့ကြကြောင်း၊ ပြည်သူ့ အသံများသည် နားထဲတွင် ထူးဆန်းရင် ထူးဆန်းနေမည် ဖြစ်ကြောင်း၊ များ မကြာမီတွင် ပြည်သူ့အသံကို နားထောင်လာမည် ဖြစ်ကြောင်း၊ ပြည်သူ့ အသံများနှင့် ကိုက်ညီအောင် လုပ်ဆောင်ရမည်ကို နားလည်လာကြ လိမ့်မည်ဖြစ်ကြောင်း သူမအနေဖြင့် မျှော်လင့်မိကြောင်း ပြည်သူလူထုသို့ ရှင်းလင်းပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုံမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားများကို မေလ ၂၅ ရက် ညနေပိုင်းက ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။