Monday, May 28, 2012

သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ



မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။

မေလ (၂၇)ရက်နေ့တွင် ကိုတင်မိုးဝင်းသည် အစားမစားရ၍ အားအင်ကုန်းခမ်းပြီးလဲကျသွားကြောင်း ကိုဇော်မင်းလတ်သည် အစာရောဂါရှိ၍ ဗိုက်အောင့်ကာ လဲကျသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အစာအိမ်ရောဂါရှိတဲ့သူတွေကို အစာငတ်ခံဆန္ဒပြတဲ့ထဲမှာမပါပါရဘူးပြောပါတယ်၊ အဲဒါကိုဇော်မင်းလတ်က မပြောပဲဝင်သွားတာပါ၊ ညကသွေးဝန်းတွေသွားလို့ ဒီနေ့မနက် ၈နာရီခွဲမှာ မှော်ဘီဆေးရုံ တင်လိုက်ရပါတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်ထက်က ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသူများသည်အလုပ်သမား(၃၀၀)ကျော်ရှိပြီး၊ အဆိုပါအလုပ်သမားများသည် နေ့ကြေးကျပ်(၁၆၀)နှင့် ဆုကြေး(၁၀၀၀)ကျပ် ၀န်းကျင်ခန့် ရရှိနေကြကြောင်း ဆန္ဒ ထုတ်ဖော် အလုပ်သမားထံက သိရှိရသည်။

မီးပျက်၍ ကုန်ကြမ်းမရှိသောလများတွင် နေ့ကြေး (၁၆၀)နှင့် ရက်မှန်ကြေး(၃၀၀၀)စုစုပေါင်း ခုနှစ်ထောင်ခန့်ရရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့တောင်းဆိုတာကတော့ အခြေခံအလုပ်သမားတယောက်ကို တစ်ရက် တစ်ထောင့် ခြောက်ရာရဖို့   တောင်းဆိုတာပါ”ဟု    အလုပ်သမားခေါင်းဆောင်ကိုဇော်ထက်ကပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုအလုပ်သမားများထဲတွင် တစ်လလျှင် ဆုကြေးနှင့်နေ့ကြေးပေါင်းကာ တစ်သိန်းကျော် ရရှိ သူများလည်း  ပါဝင်ကြောင်း သိရှိရသည်။

“ကျွန်တော်ဆို တစ်နေ့ကို ဆုကြေးနှစ်ထောင့်နှစ်ရာရပါတယ်၊ မရတဲ့လူတွေအတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာပါ အခြေခံအားဖြင့်တယောက်ကို ဆုကြေးတစ်ထောင့်ခြောက်ရာ ရစေချင် ပါတယ်”ဟု အစာငတ်ခံဆန္ဒပြတောင်းဆိုသူများထဲမှ ဥက္ကဌ ကိုနိုင်လင်းထွန်းကပြောသည်။

 ဆန္ဒထုတ်ဖော်တောင်းဆိုသည့် ဒုတိယရက် မေလ (၂၁)ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်လာရောက်ဖြေရှင်းပေးပြီး မေလ (၂၂)ရက်နေ့တွင် အလုပ်သမား ၀န်ကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင် က လာရောက်ညှိနှိုင်းပေးခဲ့သော်လဲ လုပ်ခလစာတိုးမြှင့်ရေး အတွက် ပြေလည်မှုမရရှိကြောင်း အစာငတ်ခံ ဆန္ဒထုတ်ဖော် အလုပ်သမား ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။

ရှုမ၀အောင်(မြစ်မခ)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။