Monday, May 28, 2012

 နယ်ပယ်အလိုက် ထင်ရှားသော ပြည်တွင်းလုပ်ငန်းများနှင့် လက်တွဲရန် နိုင်ငံခြားလုပ်ငန်း အချို့ပြင်ဆင်နေပြီး နယ်ပယ်စုံ လုပ်ငန်းကြီးများထက် ဈေးကွက်စီးပွားရေးနှင့်အညီ လုပ်ကိုင်ခဲ့သည့်လုပ်ငန်းများ အလားအလာကောင်းနေ

73410
မြန်မာနိုင်ငံ၏ စီးပွားရေး နယ်ပယ်အသီးသီးရှိ ထင်ရှားသော စီးပွားရေးများလုပ်ငန်းနှင့် အကျိုးတူ လက်တွဲနိုင်ရန် နိုင်ငံခြားလုပ်ငန်းအချို့ ပြင်ဆင်မှုများစတင်လျက်ရှိပြီး နာမည်ကျော် လုပ်ငန်းကြီးများထက် ဈေးကွက်စီးပွားရေးနှင့်အညီ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများနှင့်ပူးပေါင်းရန် အလားအလာကောင်းနေကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

“အရင်ခေတ်စီးပွားရေးမှာ ခရိုနီတွေ ကြီးစိုးခဲ့တယ်ဆိုပေမယ့်  အဲဒီအချိန်မှာကတည်းက ဈေးကွက် စီးပွားရေးနဲ့အညီ၊ ကျင့်ဝတ်နဲ့အညီ သန့်သန့်ရှင်းရှင်းနဲ့ လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ လုပ်ငန်းရှင်ကောင်းတွေ ရှိပါတယ်။ အဲဒီလုပ်ငန်းတွေနဲ့ဆို နိုင်ငံခြားလုပ်ငန်းတွေ မပူးပေါင်းနိုင်စရာ မရှိပါဘူး” ဟု နိုင်ငံခြားလုပ်ငန်းများနှင့် နီးစပ်သူ လုပ်ငန်းရှင်တစ်ဦးကပြောပါသည်။
နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ပိုမိုအရှိန်မြှင့် ဆောင်ရွက်မှုများရှိ လာပြီး အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများ ပမာဏ၏ ထက်ဝက်ခန့်မှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူဖက်စပ် လုပ်ကိုင်ဖွယ်ရှိသည်ဟု နိုင်ငံခြားလုပ်ငန်းများ၏ မြန်မာပြည်ရုံးခွဲ တာဝန်ခံအချို့က ခန့်မှန်းထားကြောင်း သိရပါသည်။
သို့သော်လည်း နိုင်ငံရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံရန် အဓိကကျသည့် ဥပဒေ၊ မူဝါဒနှင့် အခြေခံ အဆောက်အဦ အရည်အသွေးကို စောင့်ကြည့် အကဲခတ်ဆဲဖြစ်ကြောင်း သိရသည်။
ဈေးကွက်စီးပွားရေး စတင် ကျင့်သုံးသည့် ၁၉၉၀ကျော် နှစ်များမှ ၂၀၀၂ခုနှစ်အထိ မြန်မာလုပ်ငန်း ရှင်များနှင့် နိုင်ငံခြားလုပ်ငန်းများ ပူးပေါင်းချိတ်ဆက်မှုများ များစွာရှိ ခဲ့ပြီး ၁၉၉၇ ခုနှစ်အာရှစီးပွားရေး အကျပ်အတည်းတွင် လုပ်ငန်းများအထိ နာခဲ့ကြောင်းနှင့် ၂၀၀၂ ခုနှစ် စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်သည့် ဖြစ်စဉ်နောက်ပိုင်းတွင် တိုက်ရိုက်ချိတ်ဆက်မှု မရှိသလောက် ဖြစ်ခဲ့ကြောင်း သိရသည်။
ပြဋ္ဌာန်းမည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားသည် နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့်ဖြင့် ပြုလုပ်ခြင်း၊ နိုင်ငံခြားသားနှင့်နိုင်ငံသားသို့ မဟုတ် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့ အစည်းတို့နှင့် ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီသည့် ပဋိ ညာဉ်စာချုပ်ပါ စနစ်တစ်ခုခုဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။