Tuesday, May 15, 2012

ဦးသိန်းစိန်ခေတ်မှာ ပုံစံပြောင်းလာတဲ့ ပေါ်လစီသီချင်း

အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သေချာပေါက် ပြောင်းလဲသွားပြီလို့ ဆိုနိုင်တာကတော့ ပေါ်လစီသီချင်း ထုတ်လွှင့်မှု ဖြစ်ပါလိမ့်မယ်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီး  ပထမဆုံး ထွက်ပေါ်လာတဲ့ “အနာဂတ် မြန်မာပြည်” ဆိုတဲ့ ပေါ်လစီသီချင်းရုပ်သံဟာ ဒီရက်ပိုင်းအတွင်း အွန်လိုင်းကို ရောက်လာပါတယ်။ သီချင်းစာသားနဲ့ ရိုက်ချက်တွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ၀ါဒဖြန့်ပေါ်လစီသီချင်းပုံခွက်ထဲကနေ လုံးဝ ထွက်လာပါပြီ။

သမ္မတရုံးက ဒီသီချင်းရိုက်ကူးဖို့ ချည်းကပ်ခဲ့တယ်၊ စိတ်ကြိုက် ဖန်တီးခွင့်လည်း ပေးခဲ့တယ်လို့ ဒီသီချင်းရုပ်သံကို ရိုက်ကူးပေးခဲ့သူ ဒါရိုက်တာဝိုင်းက ပြောပါတယ်။
“သမ္မတကြီးက ဒေါ်အောာင်ဆန်းစုကြည်ကို တကယ် တွေ့ဆုံခဲ့တာတို့၊ မြစ်ဆုံကိစ္စ ရပ်ဆိုင်းတဲ့ အမိန့်စာတို့၊ KIA တပ်တွေ ထိုးစစ်ဆင်တာတွေ တပ်မတော်က အမိန်ပေးတဲ့စာတို့၊ ဟီလာရီကလင်တန်၊ အိုဘာမားတို့နဲ့ တွေ့ဆုံခဲ့တာတွေ၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာတွေ အဲ့ဒီပုံရိပ်တွေ သုံးချင်ပါတယ်လို့ တောင်းဆိုတော့ သူတို့ဘက်က လိုလိုလားလားနဲ့ ခွင့်ပြုပေးခဲ့လို့ လုပ်ဖြစ်ခဲ့တာပါ” လို့ ဒါရိုက်တာဝိုင်းက ဧရာဝတီကို ပြောပါတယ်။
ကိုမင်းကိုနိုင်တို့လို ပုဂ္ဂိုလ်များရဲ့ ပုံရိပ်တွေမှာ တီဗီဖန်သားပြင်မှာ တွေ့မြင်ရဖို့ အိမ်မက်တောင် မမက်ဖူးကြဘူး ဆိုတဲ့အတွက်ကြောင့် ဒီသီချင်းဟာ ခေါက်ရိုးကျိုးနေတဲ့ ပုံစံတခုထဲက ခွဲထွက်လာတယ်လို့ သူကဆိုပါတယ်။
တေးရေး K လတ်မိုးကလည်း စိတ်ကြိုက် ရေးသားခွင့် ရခဲ့ပါတယ် တဲ့။
“လွတ်လွတ်လပ်လပ်ရေးမယ်၊ ပြည်သူတယောက်အနေနဲ့ ရေးချင်တယ်၊ ဟိုဘက်အရောင် ဒီဘက်အရောင်နဲ့ မရေးချင်ဘူး။ အဲ့ဒီလိုရေးလို့ ရရင် ကျနော်ရေးမယ်လို့ ပြောပြီး ရေးဖြစ်ခဲ့တာပါ။ ကိုယ်က ရေးရမှာ အကျိုးပြုသီချင်းလေ။  အကျိုးပြုဆိုရင် ထုံးစံအတိုင်း လက်ညှိုးထိုးခံရမှာကြီးလေ” လို့ K လတ်မိုးက ရှင်းပြပါတယ်။
တပ်မတော်က အရာရာအတွက် တာဝန်ရှိတယ်၊ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့အကျိုး ဆောင်ရွက်တယ် ဆိုတဲ့ စကားလုံးတွေ၊ ရိုက်ချက်တွေ ဒီသီချင်းမှာ မတွေ့ရပါဘူး။ ဒီအချက်တွေ ပါရင်တော့ ဒီသီချင်းရဲ့ အနေအထားက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ပေါ်လစီသီချင်းအုပ်စုထဲမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။
ဒီလို ၀ါဒဖြန့်သီချင်းများကို ဂီတလောကသားတွေက “ပေါ်လစီသီချင်း၊ အကျိုးပြုသီချင်း” လို့ ခေါ်ဆိုကြပါတယ်။ “နိုင်ငံတော်သီချင်း” လို့ ခပ်တည်တည် သုံးနှုန်းသူလည်း မနည်းလှပါဘူး။
ဒီသီချင်းကို မကြာသေးခင်က ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူတဲ့ တနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့  မြန်မာ့အသံ၊ မြ၀တီ၊ MRTV 4 စတဲ့ ရုပ်သံလိုင်းတွေ၊  ရွှေ၊ မန္တလေး စတဲ့ လိုင်းတိုရေဒီယိုတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။
မူလ သီဆိုသူ ၂ ဦးကတော့  တိုင်းရင်းသား အဆိုတော်များဖြစ်တဲ့ ရိန်မိုးနဲ့ ဆုမွန်တို့ဖြစ်တယ်၊  ကိုရဲ၊ ဆုပန်ထွာ၊ ၀ိုင်းစုခိုင်သိန်း တို့က နောက်မှ ၀င်ရောက် သီဆို လာကြတာဖြစ်တယ်လို့ ချင်းတိုင်းရင်းသား Kလတ်မိုးက ပြောပါတယ်။
ယူနီဖောင်းဝတ်ဗိုလ်ချုပ်ကြီးတွေ လက်ထက် ပေါ်လစီသီချင်း၊ ရုပ်ရှင် သီဆို ရိုက်ကူးခဲ့ကြသူ အများစုဟာ ပြည်တွင်းပြည်ပ ပရိသတ်ရဲ့ မေတ္တာတော်ကို ခံယူကြရတာပါ။ တချို့ဆိုရင် ပြည်ပ ဖျော်ဖြေရေးခရီးတွေထွက်တဲ့အခါ ဆန့်ကျင် ဆန္ဒပြတာတွေနဲ့ ကြုံကြရတာပါ။
သို့သော်လည်း သမ္မတဦးသိန်းစိန်ကလည်း လူကြိုက်များလာ၊ “အနာဂတ် မြန်မာပြည်” ကိုလည်း ပုံစံခွက်ထဲကဟာတွေနဲ့ မတူအောင် ရေးသားရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဒီသီချင်းမှာ ပါဝင်သူများကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရကြဖွယ် ရှိပါတယ်။
Strings Studio မှာ အသံဖမ်းယူထားပြီး Hibird တီးဝိုင်းအဖွဲ့က လက်စွမ်းပြ တီးခတ်ပေးထားတဲ့ ဒီသီချင်းကို သမ္မတရုံး အင်တာနက်စာမျက်နှာနဲ့ ယူကျုတို့မှာ  ကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။