Tuesday, May 15, 2012

ဖားကန့်မြို့နယ်တစ်ခွင်က လူငယ်နှင့် မူးယစ်ဆေးပြသာာနာ

ဂျာတော့ပ် (မြစ်မခ)
by Myit Makha Mediagroup on 15 May, 2012


ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ မရောက်သည်မှာ လေးနှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။ မူလတန်း ကျောင်း တက်ခဲ့သည့်   ကျေးရွာမို့ သံယောဇဉ်က ကြီးလှပေသည်။ ရောက်ရောက်ချင်းပင် အမောမပြေနိုင် ငယ်ငယ်က သူငယ်ချင်း အကြောင်းမေးနေရင်းက ထိုဇတ်နာသည့်ဇတ်လမ်းအား မြင်တွေ့ခွင့်ရခဲ့သည်။

 
မိုးသားကြည်လင်သည့် ညနေခင်းလေးတစ်ခုတွင် လူအုပ်အုပ်ကျပ်ကျပ်နှင့် ဝါးအိမ်တဲလေးထဲကို ဝင်ထွက် သွားလာနေကြသည်။ ထိုသူများသည် ယောက်ကျား၊ မိန်းမ၊ လူငယ်၊ လူကြီးများဖြစ်ပြီး ဟောာင်းနွမ်းစုတ် ပျက်နေသော အဝတ်အစားများ ဝတ်ဆင်ကာ ထိုတဲအိမ်ထဲမှ ပျာပျာသလဲလဲ ဆိုင်ကယ်များဖြင့် တစ်စီးဝင် တစ်စီးထွက် ဝင်လာနေကြသည်ကို မြင်တွေ့နေရသည်။
 
ထိုတဲအိမ်မှာ အပြာရောင်မိုးကာတခြမ်းနှင့် ဝါးထရံတစ်ခြမ်းဖြင့် လွယ်လွယ်ကူ ဆောက်လုပ်ထားဟန်ရှိပြီး ထိုအိမ်ထဲတွင် အိမ်ရှင်ဖြစ်မည်ဟု ယူဆရသူ အသက်(၄၀) ကျော်လူကြီးတစ်ဦးရှိနေသည်။ တဲအိမ်တွင်း ဝင်လာကြသည့် လူအုပ်သည် ၎င်းလူကြီးရှေ့တွင် တန်းစီးရပ်နေကြပြီး ထိုလူကြီးက တစ်ယောက် တစ်လှည့် စီအား စက္ကူပေါ် အဖြူမှုန့်များအား  သွန်ချပေး နေသည်။
 
“တစ်ထောင်ဖိုး” ဆိုသည့် အသံ နောက်က တန်ရာတန်ကြေးအတွက် အဖြူမှုန့်များ ပေးနေခြင်းဖြစ်သည်။ ကောင်သာရှေ့တွင် ထိုင်နေသော ဆိုင်ရှင်(သို့) အိမ်ရှင်ဟု ထင်မှတ်ရသော လူကြီးနောက်တစ်ဦးထံသို့ ဝယ် ယူပြီးသောသူများသည် အဖြူမှုန့်များ အနည်းငယ် ပေးဆောင်ရ နေသည်ကိုတွေ့ရသည်။ အခွန်ပေးဆောင် နေရခြင်းဖြစ်ကြောင်း ဆိုသည်။
 
ဝယ်ယူပြီးသော သူများသည် ဝမ်းသာအားရဖြင့်  ကိုယ်စီနေရာယုကြကာ ထိုအမှုန့်များကို ဆေးထိုးအပ်ဖြင့် ၎င်းသို့သွေးကြော အသီးသီးထဲ ထိုးသွင်းနေသည်ကို တွေ့ရသည်။ ၎င်းအဖြူမှုန့်မှာ လူတွေ ခန္ဒာကိုယ်ကို တဖြည်းဖြည်း ဝါးမျိုမည့် ကြောက်စရာကောင်း သည့် ဘိန်းဖြူများ ဖြစ်သည်။
 
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ သွားရောက်ခဲ့စဉ်က ခရီးဖော်လူငယ်တစ်ဦးက ဒေသခံများအနေဖြင့် မူးယစ်ဆေးသုံးစွဲရင်း အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိကြောင်း ခရီးသွားရင်းစကားစပ်မိ၍ ပြောခဲ့သည်။
 
“ ဘိန်းဖြူ ထိုးနေကြတာလေ။ တချို့က မိုးရေနဲ့ ရောထိုးတာ။ တချို့ဆိုရင် မိုးရေတောင် မသုံးတော့ဘူး သူတို့ သွေးကိုပဲ ထုတ်ပြီးတော့ ပြန်ထိုးကြတယ်။ တကယ် အဆင့်မြင့်တဲ့သူတွေကတော့ အဲ့အမှုန့်ကို နှာချောင်းနဲ့ ရှုကြတယ်။”  ဟု အဆိုပါ လူငယ်တစ်ဦးက စိတ်၇ှည်လက်ရှည်နှင့် ရှင်းပြသည်။
 
ယခင်က မူးယစ်ဆေးအား လက်သွေးကြော၊ ခြေထောက်သွေးကြောများတွင် ထိုးသွင်းခဲ့ကြသော်လည်း ယခုတွင်မူ ပေါင်နှင့် ဆီးခုံကြားတွင် နံပါတ်ဖိုးဆေးရည် ထိုးသွင်းကာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အသိုင်း အဝိုင်းအား မေ့လျော့ နေကြကြောင်းကိုလည်း သိရသည်။  
 
ဆိုင်းတောင်၇ှိ ငယ်သူငယ်ချင်းများအားတွေ့လို၍ ဘရန်တောင်၏ နေအိမ်သို့ သွားရောက်ခဲ့ရာတွင် ယခုကဲသို့ ကြားသိခဲ့ရသည်။
 
 “ဘရန်တောင်ရော သူခုဘာလုပ်နေလဲ။”ဟု ကျွန်တော်ကမေးရာ “ဟယ်.. မသိဘူးလား။ နံပါတ်ဖိုး ထိုးပြီး ရှော့်ဖြစ်လို့ ဆုံးသွားတယ်လေ။” ဟု သူ၏ ၀မ်းကွဲညီအစ်ကို တစ်ဦးကပြောသည်။  “ခွန်းဆိုင်းရော.. ရေမဆေး ကောက်နေတုန်းလား။” ဟု ကျွန်တော့်ဒုတိယမေးခွန်းကို ၄င်း၏ ဘေးတွင်းရပ်သော သူ့အမျိုးသမီးက “သူလည်း ဖိုးထိုးမှားလို့ ဆုံးသွားတယ်လေ။”ဟု ဆို့နင့်သည့်လေသံဖြင့်ပြောသည်။
 
ကျွန်တော့် မေးခွန်းတွေအတွက် အဖြေကာ တစ်ခုတည်းသာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် နောက်ထပ် မမေးရဲလောက်အောင်ပင်   နှုတ်တွန့်နေရတော့သည်။
 
ယခင် နှစ်များလို ယခု ဆိုင်းတောင်ကိုရောက်တာ မပျော်နိုင်တော့ပါ။ ချက်ချင်းပင်  မျက်ရည်ဝဲနေမိသည်။ ကျန်သည့် သူငယ်ချင်းတွေကိုလည်း ဒီလို ဆက်မဖြစ်စေချင်ပါ။ သို့သော် …။ ကံမကောင်းစွာဖြင့် သတင်းထပ်ကြားရသည်က ဖားကန့်တစ်ခွင်ရှိ လူငယ်များသည် မူးယစ်ဆေးဝါးနဲ့ မကင်းကြပေ။
 
၎င်းမူးယစ်ဆေးဝါးသုံးစွဲသူများသည် ငွေကြေးမချမ်းသာကြ။ ရေမဆေးကျောက် (ကုမ္ပဏီမှ မြေစာသွန်သည့်ချိန် ပါလာသည့် ကျောက်စိမ်း) များ ကောက်၊ ကျောက်ပွဲစားလုပ်နဲ့ တစ်နေ့စာ တစ်နေ့ ဝမ်းစာရှာနေကြသူများ သာဖြစ်သည်။ ရှာလာသည့် ငွေမှာ မူးယစ်ဆေး သုံးစွဲခြင်းဖြစ်သာ ကုန်နေရသည်မှာ စိုးရိမ်စရာအခြေအနေသို့ ပြောင်းလဲလာသည်။
 
ထိုသူငယ်ချင်းများကို ဆုံးမစကားထက် အားပေးစကားသာဆိုရင်း ဆိုင်းတောင်ကျေးရွာကြီးထဲမှ စိတ် မကောင်းစွာဖြင့် ကျွန်တော် နှုတ်ဆက်ခဲ့ရသည်။ မြစ်ကြီးနားမြို့ရောက်တော့မှ မိတ်ဆွေ သူငယ်ချင်းများကို စိတ်မကောင်းစွာဖြင့် ရင်ဖွင့်ခဲ့ရသည်။
 
တစ်နေ့ ဒူကထောင် ရပ်ကွက် တပ်ကုန်းဘုန်းကြီးကျောင်းရှေ့ လမ်းမကြီးပေါ်တွင် သူငယ်ချင်းနှင့် စကားတပြောပြော လမ်းလျှောက်လာချိန် မှုန့်ဆိုင်ရှေ့ရှိ ထိုင်ခုံတွင် ဓါးလွယ်ရှည်ကို ပခုံးအထက်လွယ်ကာ  ပုဆိုးခါးကြားတွင် ဓါးမြောင်သေးလေး ထိုးထားသည့် မျက်နှာထား တင်းတင်း လူကြီးတစ်ဦး ထိုင်နေသည်။
 
ဘာလို့ သူ့ ခများ မျက်နှာပျက်၊ စိတ်ပျက်လက်ပျက် ထိုင်နေရကြောင်း မဆိုင်ဘဲ တွေးနေမိသည်။ သူငယ်ချင်းထံမှအသံထွက်လာသည်။   “အဲ့လူကြီးက ဆေးရောင်းတာ။ ဟိုတစ်နေ့က သူ့ဆီက အကြွေးနဲ့ ဝယ်တဲ့လူကို ဓါးနဲ့ ဖြဲချောက် အကြွေးတောင်းနေတာ။” ဟု ဆိုသည်။
 
ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မူးယစ်ဆေးဝါးရောင်းချနေသူများမှာ နယ်မြေလုံခြုံရေးကြောင့် မဟုတ်ပဲ မူးယစ်ဆေး   ရောင်းချရာတွင်   မိမိကိုယ်ကိုယ် လုံခြုံရေးအတွက် သီးသန့် ဓါးလွယ်များ လွယ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
 
“ဟိုတစ်နေ့ကလည်း ဆေးရောင်းတဲ့သူကို နံပါတ်ဖိုးသမားတွေက ရိုက်ပြီး ဆေးတွေ လုသွားတယ်။ သူတို့က လမ်းကြို လမ်းကြားမှာ ရောင်းတော့ ဓါးလွယ်ထားတော့ ငွေမပေးတဲ့သူကို ဓါးနဲ့ ခြောက်နေရတာလေ။” ဟု ဝိုင်းမော် မြို့ခံ တစ်ဦးက စိတ်ရှည်လက်ရှည် ပြောပြနေသည်။
 
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလမှ ဧပြီလလယ်ထိ မူးယစ်ဆေးဝါးရောင်းချနေသူများအား ဖမ်းဆီးအရေးယူထားသည့် အမှုပေါင်း (၂၀၀)ကျော်ခန့် ရှိနေကြောင်း မူးယစ်တားဆီးနှိမ်နှင်းရေးအဖွဲ့ အထူးအဖွဲ့မှ ဒုရဲမှူး စိုင်းသိန်းဇော်က ပြောသည်။
 
“ပြည်ထဲရေးဝန်ကြီးကလည်း စီမံချက်တွေ ချမှတ်ပြီးနောက် ဖမ်းဆီးရေးဆောင်ရွက်လာတာဖြစ်တာ။ ခု လက်ထက်မှာတော့ လာတ်ပေးလာတ်ယူ မရတော့ဘူး။ လုံးဝ လက်မခံတော့ဘူး။ တော်တော်ကို မတရားကို ဖမ်းတာ။ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဟိုအရင် နာမည်ကြီးတဲ့ ဖားကန့်၊ မနေ့ကပဲ မိုးကောင်းမှာ နာမည်ကြီး မူးယစ်ကောင်ကို စောင့်ဖမ်းတယ်။ ၅ကောင်လောက်ရှိတယ်။” ဟု ဒုရဲမှူး စိုင်းသိန်းဇော်က ဆိုသည်။
 
၎င်းမှ ဆက်ပြီး ကချင်ပြည်နယ်တွင် မူးယစ်သုံးစွဲမှု များပြားနေရခြင်းနှင့်ပတ်သက်၍ “ကျောက်စိမ်းတူးတဲ့ ကျောက်မှော်တွေ  ၊ ရွှေမှော်တွေမှာ တနိုင်ငံလုံးမှာရှိတဲ့ လူတွေ အဲ့မှာရောက်လာပြီးမှ စီးပွားလာရှာတဲ့ အတွက်ကြောင့်မို့လို့ ဒီလူတွေက   ကောင်းတဲ့လူလည်းပါတယ်။ သူခိုး၊ ဓါးမြ၊ ဝရမ်းပြေး လည်းပါမယ်။ ပိုက်ဆံရလွယ်တယ်ဆိုတော့ကွာ မူးယစ်ဆေးဝါးသုံးစွဲကြတယ်။ အလုပ်ကို များများ လုပ်နိုင်အောင် သုံးကြတယ်။ လက်ဖျားမနာအောင် ရိုးရာ ခပ်ပုံရှုကြတယ်။” ဟု ရှင်းလင်းပြောဆိုသည်။
 
အဆိုပါပြည်နယ်တွင် မူးယစ်ဆေးဝါး အများဆုံးအသုံးပြုနေသည့် ဆေးအမျိုးအစားမှာမူ ဘိန်းမည်း၊ ဆေးပြား၊ ရာမ၊ ဘိန်းဖြူများ ဖြစ်ပြီး ဆင်ကော်ရှုခြင်း၊ ဆေးဆိုင်များတွင် အလွယ်တကူရနိုင်သည့် ထရိုဆစ် (ဘိန်းဖြတ်ဆေး) များတို့ ဖြစ်ကြောင်း သိရှိရသည်။
 
ဘိန်းစိုက်ပျိုးသည့် နေရာဒေသများသည် အိန္ဒိနယ်စပ် တနိုင်း၊ တရုတ်ပြည်နယ်နယ်စပ် ဆဒုံ၊ ကန်ပိုင်တီ၊ ပူတာအိုခရိုင် တို့တွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်သည်။
 
တရုတ်ပြည်နယ်သို့ ကချင်ပြည်နယ်မှ ဘိန်းမည်းများ ရောင်းချပြီး ၎င်းမှ ဈေးကြီးကြီးဖြင့် ဘိန်းဖြူ ထပ်မံ ဝင်ရောက် လာခြင်းဖြစ်သည်။ တရုတ်ပြည်- ဆံဒုံမှ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို ဝါရှောင် ကျေးရွာတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည့်   ကျေးရွာတစ်ခုလိုပင်ဖြစ်လာတော့သည်။
 
“ဝါရှောင်က ဈေးအပေါဆုံးပဲ ဘိန်းဖြူ (နံပါတ် ဖိုး) ဆို ပယ်နယ်စလင်ပုလင်းသေး တစ်ခုကို ၃သောင်း ပေးရတယ်။   မြစ်ကြီးနားရောက်တော့ သောင်းကြီးဖြစ်သွားပြီ။” ဟု မန်ခိန်ရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။
 
ယခုတွင်မူ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် မြန်မာအစိုးရတပ်မတော်တို့ စစ်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား   နေခြင်းကြောင့်   ဘိန်းစိုက်ပျိုးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးများမှာ ယခင်ထက် ရှားပါးပြီး ဈေးနှုန်းမြင့်တက်လာကြောင်း ကိုလည်း  စုံးစမ်းသိရှိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။