Tuesday, May 15, 2012

သီရိမင်္ဂလာကုန်စိမ်းဈေးတွင် လျှပ်စစ်မီးနှင့်ရေအခက်အခဲများရှိနေကြောင်း ဈေးသားများပြောဆို

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သည့် သီရိမင်္ဂလာကုန်စိမ်းဈေးကြီးအတွင်း လျှပ်စစ်မီးနှင့် သုံးရေ အခက်အခဲများ   ဖြစ်ပေါ်လျက်ရှိနေကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

 
“ပထမ ကြည့်မြင့်တိုင်ဈေးနေရာက မီးပလက်ပေါက်ထိုးဖို့နေရာတွေဘာတွေရှိတယ်။ အိမ်သာတွေ သုံးရေတွေ က အစ အကုန် အဆင်ပြေတယ်။ အခုဒီဈေးဘက် ပြောင်းလာတော့မှ ရေရော ၊ မီးရော ဒုက္ခရောက်နေကြတာ” ဟု ဈေးသာယာရေးရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သတ်၍ ပြောသည်။
 
သီရိမင်္ဂလာဈေးကြီးရှိ ဈေးသူ၊ ဈေးသားများမှာ အဆိုပါ ရေ၊ မီး အခက်အခဲများနှင့် ပတ်သတ်၍ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြခဲ့ကြသော်လည်း မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိ သည့်အတွက် နိုင်ငံတော် သမ္မတကြီး ထံသို့ပင် တင်ပြထားဆိုထားသည်ဟု သိရသည်။
 
“လျှပ်စစ်မီးဆိုရင် သုံးဖို့အတွက် ပလပ်ပေါက်လေးတစ်ခုတောင် မထားပေးဘူး။ ဈေးကြီးက နေ့ခင်းဆို ရမ်းပူလို့ ပန်ကာဖွင့်သုံးချင် တာတို့၊ ဖုန်းအားသွင်းတာတို့တောင် လုပ်လို့မရဘူး။ အဆင့်မြင့် ဈေးကြီး ဖြစ်အောင် လုပ်ပေး မယ်ဆိုပြီး အဓိက လိုအပ်ချက်ဖြစ်တဲ့   ရေမီးပြဿနာကိုတောင် မရှင်ပေးနိုင်ရင် ရိုးရိုးသာမန်ဈေးအဆင့်လောက် တောင် ရှိမှာမဟုတ်ဘူး”ဟု ကုန်စိမ်းဒိုင်သမား ကိုသန်းထွန်းဇော်က ပြောသည်။
 
အဆိုပါဈေးကြီးတွင် လက်ရှိချိန်အထိ တစ်နေ့လျှင် ညနေခြောက်နာရီမှ မနက်ခြောက်နာရီအထိသာ မီးသုံးစွဲ ခွင့်ပေးထားပြီး၊ တစ်လမီးသုံးစွဲခအဖြစ် ၅ ပေ ၈ ပေ ဆိုင်ခန်းတစ်ခုလျှင် ၅၀၀ ကျပ်နှုန်း၊ ၈ ပေ ၂၁ ပေ ဆိုင်ခန်း တစ်ခုလျှင် ၂၀၀၀ ကျပ်နှုန်းနှင့် ၈ ပေ ၂၅ ပေဆိုင်ခန်းတစ်ခုလျှင် ၂၀၀၀ ကျပ်နှုန်းအဖြစ် သတ်မှတ်ထားသည်။
 
ရေသုံးစွဲရာတွင်လည်း ဈေးသာယာရေး ရုံးခန်းနားနေရာတစ်ခုတည်းတွင်သာ သွားရောက်သယ်ယူသုံးစွဲနေရသည့်အတွက် အခက်အခဲရှိကြောင်းနှင့် ပိုက်ပျက်ခြင်းများ၊ ရေမလာခြင်းများ မကြာခဏဆိုသလိုဖြစ်ပေါ်နေလျက်ရှိကြောင်း  ဈေးသူ   ဈေးသားများကဆိုသည်။
 
အဆိုပါ သီရီမင်္ဂလာဈေးကြီးမှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းလက်ထက် လှိုင်မြို့နယ် ပိတောက် ချောင်းအနီး၌ အဆင့်မြင့်ကုန်စိမ်းဈေးကြီးတစ်ခုအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ယခင်က ကြည့်မြင့်တိုင် မြို့နယ် အတွင်းတည်ရှိခဲ့ကာ   နှစ်ဆယ့်လေးနာရီပတ်လုံး ရောင်းသူဝယ်သူများနှင့် စည်ကားခဲ့သော အထပ် လေးထပ်ရှိ ကုန်စိမ်းဈေးကြီးတစ်ခုအဖြစ် တည်ရှိခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။