Tuesday, May 15, 2012

ဧရာဝတီတိုင်းက တောင်သူများ လယ်မြေအခက်အခဲများအတွက် ဒီချုပ်နှင့် တ.စ.ညပါတီသို့ သွားရောက်ခဲ့


၂၀၁၂ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် ၊ဒေးဒရဲ ၊ဘိုကလေး နှင့် ဖျာပုံမြို့နယ် ကျေးရွာအုပ်စု ၄၀ ကိုယ်စားပြု
တောင်သူလယ်သမား (၅၀) ကျော်က အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရုံးများသို့ သွားရောက်ကာ အခက်အခဲများကိုတင်ပြခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ အခက်အခဲများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မန်းမောင်မောင်ဥာဏ်သည် လွှတ်တော်အတွင်းတွင်တင်ပြဆွေးနွေးခြင်းဖြင့် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရှိရသည်။

“ လယ်သမားတွေ လယ်ကိစ္စ အင်းကိစ္စတွေနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတာက အဓိကကဥပဒေက ခိုင်ခိုင် မာမာမရှိသေးလို့ တိကျခိုင်မာမှုရှိတဲ့ ဥပဒေရှိရင် အခုလို
မသမာမှုတွေနဲ့ ကြုံတွေ့နေရစရာမရှိဘူး၊ အဲ့ဒါ ကြောင့် ကျွန်တော်အနေနဲ့လွှတ်တော်အတွင်းမှာ အခုလယ်သမားတွေ တင်ပြခဲ့တဲ့ အခက်အခဲကို တင်ပြဆွေးနွေးပြီးတော့ ဥပဒေတစ်ရပ်အတည်ပြုခိုင်းမယ် အဲ့လိုနည်းနဲ့ဖြေရှင်းပေးမယ်” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မန်းမောင်မောင်ဥာဏ်က ပြောသည်။

ပန်းတနော်မြို့နယ်မှ လယ်သမားများနှင့် ဖျာပုံမြို့နယ်မှ
လယ်သမားအများစုသည် ၄င်းတို့၏ လယ်ယာမြေ များသို့ အင်းလုပ်သားများမှလယ်စိုက်ချိန်တွင် ရေလွှတ်မပေးဘဲ ပဲစိုက်ချိန်မှ ရေလွှတ်ပေးခြင်းကြောင့်
ပဲခင်းများ ပျက်စီးဆုံးရှုံးရခြင်း ၊ အဆိုပါ အင်းအား
လေလံဆွဲရောင်းချချိန်တွင် လယ်သမားများအား လေလံဆွဲ ခွင့်မပေးဘဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ်၂
တိုင်းဒေသကြီးကိုယ်စားလှယ် ဦးငြိမ်းမန်းမှ နှစ်စဉ် ၀ယ်ယူကာ
လယ်သမားများအားလွတ်လပ်စွာလယ်စိုက်ခွင့်မရစေရန် ပြုလုပ်လျက်ရှိကြောင်း
လယ်သမားများထံကသိရသည်။

“ကျွန်တော်တို့လယ်စိုက်ချိန်မှာ ရေမလွှတ်ပေးဘူး ပဲစိုက်ချိန်ရေလွှတ်တော့ပဲစိုက်ခင်းပျက်စီးတာပေါ့ အဲ့လိုနဲ့ ကျွန်တော်တို့ လယ်သမားတွေဆွေးနွေးတယ် အဲ့ဒီအင်းကို ကျွန်တော်တို့ ပိုင်တယ်ဆိုရင် ကျွန်တော်တို့အခုလို အခက်အခဲကြုံစရာမလိုဘူးပေါ့ အဲ့ဒါနဲ့ လယ်သမားတွေ အားလုံးစုပြီးလေလံဆွဲတဲ့အချိန် ၀ယ်မယ်ပေါ့ ဒါပေမဲ့ အခု ၂၀၁၂ခုနှစ် မေလ ၉ ရက်နေ့မှာအင်းကို လေလံဆွဲတယ်၊ အဲ့နေ့ကိုလည်း အချိန်မီ ကြေညာတာ မျိုးမရှိဘူးကျွန်တော်တို့တောင် မသိလိုက်ပဲ နှစ်စဉ် ဒီအမှတ်၂တိုင်းဒေသကြီးဦးငြိမ်းမောင်ကပဲ လေလံ အောင်တယ်ပြောတယ် “ ဟု ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်က တောင်သူ ဦးစိုးငြိမ်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ လယ်သမားတစ်ဦးမှလည်း ထိုကဲ့သို့
လယ်စိုက်ခွင့်မရရှိခြင်း နှင့် ပဲခင်းများ ပျက်စီးဆုံးရှုံးရခြင်းကြောင့်
အင်အားကြီးပါတီများဖြစ်သည့် အန်အယ်လ်ဒီပါတီ နှင့် တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေးရုံးသို့ လာရောက်တိုင်ကြားရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲက အန်အယ်လ်ဒီပါတီအပေါ် အများကြီး မျှော်လင့်ထားပါတယ်။
ဘာလို့လဲဆိုတော့ တောင်သူလယ်သမားတွေရဲ့ အခက်အခဲကို
ဖြေရှင်းပေးနိုင်မယ်ထင်လို့ပါ. တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ကလဲ
ဟိုးအရင်ကတည်းက အင်အားကြီး ပါတီဖြစ်တဲ့အတွက်ကြောင့်မို့ အခုလို
လယ်သမားတွေ ၅၀ ကျော်နဲ့ ရန်ကုန်တက်ပြီး လာရောက်
တိုင်ကြားရခြင်းဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးတွင် လယ်လုပ်ကိုင်သူကိုသန်းလွင်က ပြောသည်။

အဆိုပါ လယ်သမား ၅၀ ကျော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီထံသို့ သွားရောက် တိုင်ကြား ချင်သော်လည်း
အဖွဲ့ချုပ်ရုံးမှာ နေပြည်တော်၌သာ ရှိသောကြောင့် ဒီချုပ်ပါတီနှင့်
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီကိုသာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လယ်သမား ၅၀ ကျော်၏ အခက်အခဲ ပြသာနာများကို ဖြေရှင်းပေးရန် တိုင်ကြားခဲ့သောဒီချုပ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ
ဖြေရှင်းပေးနိုင်ခြင်း မရှိပါက ဧရာဝတီတိုင်းဒေသကြီးတွင် ကျန်ရှိနေသော
လယ်သမား ၂၀၀၀၀ (နှစ်သောင်း) ကျော်နှင့် ဆန္ဒပြ တောင်းဆိုရန်
အစီအစဉ်ရှိကြောင်း သိရှိရသည်။



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။