Sunday, May 13, 2012

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံဖြစ်နေ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင်နေသော စက်ရုံများ၌ လုပ်ခလစာနည်းပါးမှုကြောင့် အလုပ်သမားများ၏ ဆန္ဒပြုမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပေါ်

 

7322a
စက်မှုဇုန်ဝန်ထမ်းများ၏ နံနက်ပိုင်း လုပ်ငန်းခွင် မ၀င်ရောက်မီမြင်ကွင်း
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအနက် အလုပ်သမားများ ၏ အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံ ဖြစ်နေကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ၀င်ရောက်လုပ်ကိုင်နေသော စက်ရုံများတွင် လုပ်ခလစာ နည်းပါးလွန်းမှုကြောင့် အလုပ်သမားများ၏ တောင်းဆိုမှုများ ၂၀၁၂ ခုနှစ်အတွင်း ဆက်တိုက်ပင် ဖြစ်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် တရုတ်နှစ်ကူးပိတ်ရက် လုပ်ခမပေးသည့်ကိစ္စ မှ စတင်ကာ အခြေခံလစာ၊ အခြားသော အလုပ်သမား အခွင့်အရေးများ နှင့်ပတ်သက်၍ တောင်းဆိုမှုများ စတင် ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဆန္ဒပြမှုသည် အခြားသော ဖိနပ်စက်ရုံအချို့သို့လည်း ကူးစက်ခဲ့ကာ အခြားစက်ရုံများမှာ အလုပ်ရှင်နှင့် အလုပ်သမားအကြား ညှိနှိုင်းပြေလည်မှု ချက်ချင်းရရှိခဲ့သော်လည်း ဆန္ဒပြမှုစတင်ဖြစ်ပွားရာ တိုင်ရီဖိနပ်စက်ရုံမှာမူ ပြေလည်မှုမရရှိသည့်အတွက် မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခကော်မတီ အထိ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁ ရက်နေ့တွင် ၀ါဏိဇ္ဇ ပဋိပက္ခကော်မတီမှ ချမှတ်ပေးသည့် ဆုံးဖြတ်ချက်အပေါ် မကျေနပ်သောကြောင့် မတ်လ ၂၉ ရက်နှင့် ၃၀ ရက် နေ့တွင် တိုင်ရီဖိနပ်စက်ရုံ၌ ဒုတိယ အကြိမ် အလုပ်သမားဆန္ဒပြမှု ထပ်မံ ဖြစ်ပွားခဲ့သည်။

အခြေခံလုပ်သား အများစုသည် အလုပ်အကိုင်၊ လုပ်ခလစာနည်း ပါးခြင်း၊ ပုံမှန်ဖြစ်ခြင်း၊ အလုပ်သမားအခွင့်အရေးရှိခြင်း၊ မရှိခြင်း စသည်တို့ကို ရွေးချယ်နိုင်ခြင်း မရှိဘဲ အသက်မွေးဝမ်းကျောင်းမှု အတွက် ၀င်ရောက် လုပ်ကိုင်နေရသော အနေအထားမျိုး၌ ရွေးချယ်နိုင်ခွင့် နည်းပါးသူများအပေါ်  အကာအကွယ် ပေးနိုင်ရန်လည်း လိုအပ်နေ  .  .  .
မတ်လ ၃၀ ရက်နေ့ နံနက် ၇ နာရီမှစတင်ကာ အလုပ်သမား ဆန္ဒ ပြမှုဖြစ်ပေါ်ခဲ့ပြီး ညနေ ၆ နာရီဝန်း ကျင်၌အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်များ အကြား ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ယခင်လုပ်ခ တစ်နာရီလျှင် ၇၅ ကျပ်အစားကျပ် ၁၂၀ ဖြင့် ပြေလည်မှုရရှိ၍ တိုင်ရီဖိနပ် စက်ရုံအလုပ်သမားများ၏ နှစ်လကြာ ဆန္ဒပြမှုများ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အခြေခံ လုပ်ခလစာနှုန်းထားများနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် မေ လ ၉ ရက်နေ့ နံနက် ၈ နာရီဝန်း ကျင်မှစတင်ကာ လှိုင်သာယာစက်မှု ဇုန်၊ ဇုန် (၄)၊ ၀က်မစွတ်ဝန်ထောက် လမ်းရှိ High-Art ဆံပင်တုစက်ရုံ (A)၊ (B) နှင့် ယင်းစက်မှုဇုန်(၃)ရှိ UNNO Myanmar Yes အထည်ချုပ်စက်ရုံ၌ စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
High-Art ဆံပင်တုစက်ရုံမှ ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်မှာ  လှိုင်သာယာမြို့နယ် ယင်းဆံပင်တု စက်ရုံမှ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးသို့ လည်းကောင်း၊ ယင်းမှ တစ်ဆင့် မရမ်းကုန်းမြို့နယ်ရှိ တိုင်းအလုပ်သမားရုံးသို့ လည်းကောင်း ကားများဖြင့် သွားရောက်ကာ ရုံးရှေ့တွင် စုဝေးဆန္ဒပြုမှုများ ပြုလုပ်ကြကြောင်း သိရှိရသည်။
7322
“မတ်လက လစာတိုးပေးဖို့ သွားပြောတာ သူဌေးခရီးထွက်နေတဲ့ အတွက်ပြန်လာရင် လုပ်ပေးမယ်ပြော ပါတယ်။ ထပ်စောင့်တာ ဘာမှမထူးပါဘူး။ နောက်ထပ် သွားပြောတော့ သွားပြောတဲ့ဌာနတစ်ခုပဲ တစ်ယာက် ကျပ် ၅၀၀၀ အထိပဲတိုးပေးပါတယ်။ ဌာနက လူအကုန်တောင် မပါပါဘူး။ နောက်ထပ်လည်း တစ်ရက်ပျက်ရင် ကျပ် ၈၀၀၀ အထိဖြတ်တာ၊ အိုတီ မဆင်းရင် သန့်ရှင်းရေးလုပ်ရတာ၊ အ စားအသောက်အဆင်မပြေတာတွေ ကအစ ကြုံတွေ့ရပါတယ်။ အဓိကတော့ အခြေခံလစာတိုးပေးဖို့ပါ”ဟု High-Art ဆံပင်တုစက်ရုံ(B)မှ လုပ်သက် သုံးနှစ်ကျော်ရှိသူ မလဲ့လဲ့ခင်က ပြောပြခဲ့သည်။
“တစ်နှစ်လုံးမှလည်း လစာကို ကျပ် ၇၀၀၊ ၁၀၀၀ လောက်ပဲ တိုးပေး ပါတယ်။ အခုအခြေခံလစာ မတိုးပေးတဲ့အပြင် ဆံပင်တုအရုပ်ခေါင်းနှုန်း ထားတွေလည်း တစ်ခုပြီးရင် သင်္ကြန် မတိုင်ခင်က ကျပ် ၉၀၀၀ အထိ ပေးထားရာကနေ အခုတစ်ခေါင်းကိုကျပ် ၇၀၀၀ အထိ ဖြတ်ချလိုက်တဲ့အတွက် ဆန္ဒပြရတာဖြစ်ပါတယ်”ဟု High-Art ဆံပင်တုစက်ရုံ(B) မှ မချိုချိုဝင်း က ပြောပြခဲ့သည်။
High-Art ဆံပင်တုစက်ရုံသည် တရုတ်နှင့်ကိုရီးယား ဖက်စပ်လုပ်ကိုင်သည့် စက်ရုံဖြစ်ပြီး ၂၀၀၅ ခုနှစ် တွင်ဖွင့်လှစ်ခဲ့ကြောင်း၊ အလုပ်သမားဦးရေ ၂၀၀၀ ၀န်းကျင်ခန့်ရှိပြီး လုပ်ခလစာနှင့်ပတ်သက်၍ စက်ရုံတွင်း ပဋိပက္ခသုံးကြိမ်ဖြစ်ပွားခဲ့ ကြောင်းနှင့် ၂၀၁၂ ခုနှစ်မတ်လတွင် ဆန္ဒပြမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် အလုပ်သမား တစ်ဦးလျှင် အခြေခံလစာကျပ် ၈၀၀၀၊ အလုပ်ချိန် မနက် ၈ နာရီမှ ၅ နာရီ၊ အိုတီချိန် ည ၉ နာရီထိ မဆင်းမနေရ သတ်မှတ်ထားကာ တစ်လလျှင် အချိန်ပိုကြေး ကျပ် ၈၀၀၀၊ လမ်းစ ရိတ် ကျပ် ၅၀၀၀ နှင့် အရုပ်ခေါင်း တစ်ခုလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၇၀၀၀ နှုန်းဖြင့်ပေးကြောင်း၊ လုပ်သက် ငါး နှစ်ရှိအလုပ်သမားတစ်ဦး၏ တစ်လစာဝင်ငွေမှာ ကျပ်လေးသောင်းခွဲ ၀န်းကျင်ဖြစ်ကြောင်း သိရှိရသည်။
မေလ ၉ ရက်နေ့တွင်ပင် ဆန္ဒ ပြမှုပေါ်ပေါက်ခဲ့သော UNNO Myanmar Yes အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁၃၀၀ ကျော်ရှိကာ ရှားပါးစရိတ်တိုးမြှင့်ပေးရန် တောင်း ဆိုခဲ့ကြခြင်းဖြစ်သည်။
High-Art ဆံပင်တုစက်ရုံ (A)၊ (B) နှင့် UNNO Myanmar Yes အထည်ချုပ်စက်ရုံတို့မှာ မေလ ၉ ရက် နေ့တွင် စက်ရုံနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူများ ညှိနှိုင်းပြေလည်မှု မရရှိသည့်အတွက် မေလ ၁၀ ရက် နေ့အထိအလုပ်ခွင်ပြင်ပမှ ထပ်မံဆန္ဒပြခဲ့ကြပြီး မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် တောင်းဆိုလို သည့် အချက်များအလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှုကို စက်ရုံနှစ်ရုံလုံး ရရှိခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံအများစု ပိုင်ဆိုင်သူများမှာ တရုတ်၊ မလေးရှား၊ ဂျပန်နှင့် ကိုရီးယားလူ မျိုးများဖြစ်ပြီး တရုတ်နှင့်ကိုရီးယား လူမျိုးပိုင်ဆိုင်သည့် စက်ရုံများမှ အလုပ်သမား ဆန္ဒပြမှုများ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခုချိန်မှာ နိုင်ငံတော်က အလုပ်သမားအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ပြုပေမယ့် တချို့စက်ရုံတွေက ဒီလိုဖွဲ့စည်းမှာ ကို ပိတ်ပင်ထားတာတွေ ရှိနေတယ်။ နောက်နိုင်ငံတော်က ပြောင်းလဲပေမယ့် နည်းဟောင်းအတိုင်း ၀န်ထမ်းတွေ ကျင့်သုံးနေတုန်းပဲ။ လုပ်ခလစာ အပြင် နောက်ကွယ်က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးအများကြီး ကို ကျွန်တော်တို့ မြန်မာနိုင်ငံက အလုပ်သမားတွေက မခံစားရသေးဘူး။ အခွင့်အရေးတွေ ချိုးဖောက်ခံနေရ တုန်းပဲ”ဟု အလုပ်သမားရေးရာ အမှုအခင်းများ ဆောင်ရွက်ပေးသူရှေ့နေ ဦးဌေးက ပြောကြားခဲ့သည်။
အလုပ်ရှင်သို့မဟုတ် အလုပ်သမား တစ်ဖက်ဖက်သည် မိမိ၏နစ်နာ ချက်နှင့်စပ်လျဉ်း၍ တစ်ဦးချင်းအငြင်း ပွားမှုကို ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ တိုင်ကြားနိုင်ပြီး အဆိုပါအဖွဲ့ကသတ် မှတ်သည့်နည်းလမ်းများနှင့်အညီ ဖျန်ဖြေပေးမှုကို မကျေနပ်ပါက မကျေနပ်သူကိုယ်တိုင်ဖြစ်စေ၊  တရားဝင် လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့် ဖြစ်စေ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်ကြောင်း အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၂၃အရ သိရသည်။
အငြင်းပွားမှုနှင့်စပ်လျဉ်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တစ်ဖက်ဖက်၏ တိုင်ကြားချက်အရ ဖြစ်စေ၊ ၀န်ကြီး၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ တိုင်းဒေသကြီးသို့ မဟုတ် ပြည်နယ်အစိုးရ အဖွဲ့၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ အခြား နည်းလမ်းတစ်ခုခုအရ ဖြစ်စေ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့် စုပေါင်းအငြင်းပွားမှုကိုသက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည်  အငြင်းပွားမှုနှင့် စပ်လျဉ်း၍ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့်နေ့ရက် မှ တရားဝင်ရုံးပိတ်ရက်များမပါ သုံးရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေပေးခြင်း၊ ထိုသို့ဖျန်ဖြေရာတွင် ပြေငြိမ်းမှုရရှိပါက ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ရှေ့မှောက်တွင် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုစေခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမားအဖွဲ့ အစည်းသည် အဖွဲ့အစည်းဝင်အ လုပ်သမားအများစု၏ ဆန္ဒပြုချက်အရ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်၏ညွှန်ကြားချက်ဖြင့် သပိတ်မှောက် မည့်နေ့ရက်၊ နေရာ၊ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် သပိတ်မှောက်မည့် အချိန်ကာလကိုဖော်ပြ၍ သတ်မှတ်ချက် နှင့်အညီသက်ဆိုင်ရာအလုပ်ရှင်နှင့် သက်ဆိုင်ရာညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ သပိတ်မှောက်မည့် ရက်မတိုင်မီအနည်း ဆုံး ၁၄ ရက် ကြိုတင် အကြောင်းကြား ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်အလုပ်သမားများ၏ သပိတ်မှောက်ခြင်းဆိုင်ရာ အခွင့်အရေးကို မထိခိုက်စေဘဲ အများပြည်သူ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ၀န်ဆောင်မှုပြုမည့် အနည်းဆုံး အရေအတွက်ကို အငြင်းပွားမှု မတိုင်မီ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိအချိန် မှာစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေ တဲ့အလုပ်သမားတွေအတွက် အနိမ့်ဆုံးအခြေခံလုပ်ခ လစာအတွက် သတ်မှတ်ပေးထားတာတော့ မရှိသေးပါဘူး။ နောက်ပိုင်း ဒါမျိုးကိစ္စတွေပါ လာနိုင်တဲ့ ဥပဒေကြမ်းတွေ ရေးဆွဲနေတာတော့ ရှိပါတယ်။ ရှေ့နေချုပ် ရုံးကို တင်ပြထားပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း အနေအထားသည် ယခုနှစ်များအတွင်းတွင် စတင်တိုးတက်စပြုလာပြီး ၂၀၁၂ ခုနှစ်အတွင်းတွင်မူ ပိုမိုတိုးတက်လာနိုင်မည့် အခြေအနေများလည်း ရှိနေသည်ဟု အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူများက ပြောကြားထားသည်။
သို့သော် တစ်ဖက်တွင်လည်း အလုပ်အကိုင် လိုအပ်သူဦးရေသည် လိုက်ပါမြင့်တက်နေကာ အထူးသဖြင့် နယ်ဒေသများမှ ပြောင်းရွှေ့ ရောက်ရှိသူများပြားသည့် ရန်ကုန်မြို့တွင် အလုပ်အကိုင် လိုအပ်ချက် မှာ အလုပ်အကိုင် ပေးအပ်နိုင်မှုနှင့် အပြိုင်မြင့်တက်လျက်ရှိသည်ဟု သိရှိရသည်။
လက်ရှိအချိန်အထိ အခြေခံ လုပ်သားအများစုသည် အလုပ်အကိုင်၊ လုပ်ခလစာနည်းပါးခြင်း၊ ပုံမှန် ဖြစ်ခြင်း၊ အလုပ်သမား အခွင့်အရေးရှိခြင်း၊ မရှိခြင်း စသည်တို့ကို ရွေးချယ်နိုင်ခြင်းမရှိဘဲ အသက်မွေးဝမ်းကျောင်းမှု အတွက် ၀င်ရောက် လုပ်ကိုင်နေရသော အနေအထားမျိုး ၌ ရွေးချယ်နိုင်ခွင့်နည်းပါးသူများ အပေါ်  အကာအကွယ်ပေးနိုင်ရန်လည်း လိုအပ်နေသည်ဟု သိရှိရပါ သည်။
  ၂၀၁၀ ဒီဇင်ဘာ ၃၀ အထိ ဒေသတွင်း နိုင်ငံအချို့၏ အနိမ့်ဆုံး လုပ်ခလစာများ
စဉ်   နိုင်ငံ တစ်ရက်လုပ်ခ(USD) တစ်လလုပ်ခ( USD)
ကမ္ဘောဒီးယား   ၁ .၆၇ ၅၀ .၀၀
ဗီယက်နမ်       .၈၃ မှ ၂ .၀၄ ၅၅ .၀၂ မှ ၆၁ .၁၃
အင်ဒိုနီးရှား     ၂ .၀၀ မှ ၃ .၇၃ ၆၀ .၀၆ မှ ၁၁၂ .၀၀
တရုတ်(ရှန်ဟိုင်း)        ၁ .၉၆ မှ ၅ .၆၃ ၅၈ .၈၀ မှ ၁၆၈ .၈၇
ထိုင်း(ဘန်ကောက်)    ၅ .၀၀ မှ ၆ .၈၂ ၁၄၉ .၉၄ မှ ၂၀၄ .၅၆
ဖိလစ်ပိုင်        ၅ .၃၆ မှ ၇ .၂၇ ၁၆၀ .၉၄ မှ ၂၁၈ .၂၂
မလေးရှား            ၈ .၆၆ မှ ၁၇ .၆၇ ၂၅၉ .၇၉ မှ ၅၃၀ .၂၅
ထိုင်ဝမ် -  မှ ၁၉ .၂၇  - မှ ၅၇၈ .၂၂
တောင်ကိုရီးယား         -  မှ ၂၈ .၆၇   - မှ ၈၆၀ .၁၂
၁၀ စင်ကာပူ            ၂၀ .၅၆ မှ ၆၁ .၆၈ ၆၁၆ .၇၆ မှ ၁၈၅၀ .၂၈
၁၁ ဂျပန်      ၆၁ .၂၆ မှ ၇၇ .၀၄ ၁၈၃၇ .၈၇ မှ ၂၃၁၁ .၂၂
၁၂ နယူးဇီလန်           ၆၀ .၈၃ မှ ၇၆ .၀၄ ၁၈၂၄ .၉၆ မှ ၂၂၈၁ .၂၀
၁၃ ၾသစေၾတးလ်   - မွ ၁၂၁ .၅၂  - မွ ၃၆၄၅ .၅၇

Source: Internet web page of respective countries and wikipedia

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။