Sunday, May 13, 2012

 ပို့ကုန်သွင်းကုန် လုပ်ငန်း အချို့တွင် ကန့်သတ်ထားသော TT၊ LCနှင့် FOB ၊ CIF စနစ် ကန့်သတ်ချက်များကို ပယ်ဖျက်မှု အပါအ၀င် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲမည်

မြန်မာပို့ကုန်သွင်းကုန်လုပ် ငန်းအချို့တွင် ကန့်သတ်ထားသော FOB (Free on Board)၊ CIF(Cost, Insurance & Freight) နှင့် T/T (Telegraphic Transfer) ၊ LC (Letter of Credit) စနစ် ကန့်သတ်ချက်များကို ပယ်ဖျက်မှု အပါအ၀င် မူဝါဒ များ၊ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲ ဆောင်ရွက်မည် ဖြစ်ကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းအသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

“မေလ ၇ ရက်နေ့က စီးပွား /ကူးသန်းမှာ လုပ်တဲ့အစည်းအဝေး မှာသိရတာ။ ကုန်သွယ်ရေးဘက် ကတော့ အရင်လို FOB၊ CIFနဲ့ T/T ၊ LC ဆိုပြီး ဘယ်ဟာနဲ့ပဲ လုပ်ရမယ်ဆိုပြီး မကန့်သတ်တော့ဘူး လို့သိရတယ်။ ကားသွင်းတာကို LC၊ T/T မကန့်သတ်တော့ဘဲ သွင်းခွင့်ပေးတာက စတာပါ”ဟု ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။
ထိုကဲ့သို့ ကန့်သတ်ချက်များ ပယ်ဖျက်ပေးခြင်းနှင့် မူဝါဒ၊ လုပ်ထုံး လုပ်နည်းများ ပြောင်းလဲ ဆောင်ရွက်ခြင်းကို ယခုနှစ် နှစ်ဆန်းပိုင်းကတည်း က ပို့ကုန်သွင်းကုန် အသိုင်းအ၀ိုင်း တွင် သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုများမှာ တစ်ရက်ကြာမြင့်ကြောင်း၊ ထို့ပြင် ပို့ကုန်သွင်းကုန် လုပ်ငန်းများ ပိုမိုလျင် မြန်လာစေရန် အချို့ကုန်စည်များကို လိုင်စင်မဲ့စနစ် (Non-Licencing) ဖြင့် ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် လုပ်ငန်းရှင်များ၊ ပညာရှင်များ ဆွေးနွေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် Automotic Licencing System ကို စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ မူဝါဒ ပြောင်းလဲချမှတ်လာ သကဲ့သို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံခြားငွေဖြင့် ရရှိသော ပို့ကုန်ရငွေ၊ ၀န်ဆောင်မှုရငွေ၊ လက်ခစားအပ်ကုန် စနစ်(CMP)ရငွေ၊ ငှားရမ်းခရငွေနှင့် လစာရငွေတို့ကို ကျပ်ငွေဖြင့်သာ ၀င်ငွေခွန် ပေးဆောင်ရန် ဧပြီလ ၂၃ ရက် နေ့က ထုတ်ပြန်ကြေညာခဲ့ ပါသည်။
“၀န်ကြီးဌာနနှစ်ခုက တစ်ခုနဲ့ တစ်ခုချိတ်ဆက်မှု အားနည်းနေတယ်။ စီးပွား/ကူးသန်းက မူဝါဒတစ်ခု ပြောင်းလဲတယ် ဆိုပေမယ့် ဘဏ္ဍာ/အခွန်က အဆင့်သင့်မဖြစ်ဘူး၊ ဘဏ္ဍာ/အခွန်က မူဝါဒတစ်ခု ပြောင်းလဲတယ် ဆိုပေမယ့်လည်း စီးပွား/ကူးသန်း က အဆင့်သင့် မဖြစ်သေးဘူး။ ဒါကြောင့် တစ်ခုခုပြောင်းလဲတိုင်း လုပ်ငန်းတွေအပေါ် သက်ရောက်မှုက အချိန်ယူနေရတယ်”ဟု  ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက ဝေဖန် သုံးသပ်သည်။
မြန်မာနိုင်ငံသည့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်လျှောက်လှမ်းနေပြီး သွင်းကုန်အစားထိုး မူဝါဒနေရာတွင် ပို့ကုန်ဦးစားပေးမူဝါဒကို ပြောင်းလဲထားသည်။ လက်ရှိ မြန်မာပို့ကုန်  သွင်းကုန် လုပ်ငန်းများသည် ယခင်ကထက် ကုန်သွယ်ရေး အတားအဆီးများ လျော့နည်းသွားသော်လည်း ပို့ကုန်လုပ်ငန်းများ တွက်ခြေကိုက် မည့် မြန်မာငွေတန်ဖိုး မရှိခြင်း၊ မူဝါဒ အပြောင်းအလဲများကို ချိန်ဆ နိုင်စွမ်း နည်းပါးခြင်း၊ ဒေသတွင်း နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးခြင်း၊ အရင်းအနှီး လိုအပ်မှုရှိခြင်း၊ လုပ်ငန်းကုန်ကျစရိတ် များပြားခြင်း စသည်တို့ ကြုံတွေ့နေရကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။