Sunday, May 13, 2012

ဒီချုပ်က ပါတီညီလာခံကျင်းပမည့်အစီစဉ်အား နိုင်ငံရေးသမားဟောင်းများကြိုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က(၁၉၈၈)ခုနစ်တွင်မှ စတင်ကျင်းပနိုင်ခြင်းမရှိခဲ့သော ပါတီညီလာခံကျင်းပ၍ ဒီမိုကရေစီနည်း လမ်းကျကျဖြင့် ပါတီအား ပြန်လည်ဖွဲ့စည်းမည့်အပေါ်တွင် နိုင်ငံရေးသမားဟောင်းများက ကြိုဆိုကြောင်း သိရှိရပါသည်။

 
“ဒီမိုကရေစီပါတီအနေနဲ့ ညီလာခံကျင်းပသင့်တယ်၊ ညီလာခံကနေတဆင့် အများကအဆင့်ဆင့်ရွေးချယ်တဲ့   ခေါင်းဆောင်တွေပေါ်ထွက်လာမယ်၊ ပါတီတွင်း အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေလည်း ပိုမိုကောင်းမွန်လာမှာပေါ့။ ဒီချုပ်ပါတီကညီလာခံလုပ်မယ်ဆိုတာကို ကြိုဆိုပါတယ်” ဟု ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီး ဦးခင်မောင်က ဆိုသည်။
 
ဒီချုပ်က ညီလာခံကျင်းပနိုင်ရန် ညီလာခံကျင်းပရေးဗဟိုကော်မရှင်အား ဖွဲ့စည်းပြီးဖြစ်သည်။ ညီလာခံ ကျင်းပမည့် နေ့ရက်ကိုမူ ပါတီအကြီးအကဲများနှင့်ကော်မရှင်အဖွဲ့တို့ ညှိုနှိုင်းဆွေးနွေးပြီးမှ ထုတ်ပြန်မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။
 
ပါတီက ကျေးရွာအဆင့်ကစပြီး ရပ်ကွက်၊ မြို့အနယ် အဆင့်ဆင့်အထိ ညီလာခံကျင်းပမှာပါ။ ဗဟိုအဆင့်ညီလာခံ အထိ ကျင်းပသွားမှာပါ။ ပြည်သူတွေက ရွေးတဲ့ပါတီကိုယ်စားလှယ်တွေလည်း ပေါ်ထွက်လာမှာပါ။ဟု ၄င်းက ပြောသည်။
 
ဒီချုပ်ပါတီအနေဖြင့် ပါတီပြန်လည်ဖွဲ့စည်းသည့် အချိန်ကတည်းက ညီလာခံလုပ်ဆောင်သင့်ကြောင်း၊ လက်ရှိ ပါတီခေါင်းဆောင်များရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများအပေါ်တွင်လည်း ယုံကြည်မှုအပြည့်ရှိ ကြောင်း မင်္ဂလာဒုံမြို့နယ်က နိုင်ငံရေးစိတ်ပါဝင်စားသူတစ်ဦးက ပြောသည်။
 
“တကယ်ဆို ပါတီပြန်ဖွဲ့ကတည်းက ညီလာခံလုပ်ရမှာ။ ဒါပေမယ့် အခုလက်ရှိ အန်အယ်လ်ဒီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို ယုံကြည်ပါတယ်” ဟု ဦးကျော်နိုင်ဦးက ပြောသည်။
 
ဒီချုပ်က ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အား အဖွဲ့ဝင်(၉)ဦး ဖြင့်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးက တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး၊ ဦးဥာဏ်ဝင်း၊ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဦးမျိုးညွှန့်၊ ဦးစိုးဝင်း၊ ဒေါ်လဲ့လဲ့ ၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါ်ခင်စောမှု စသည်တို့ ပါဝင်သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနစ်တွင်စတင်တည်ထောင်ခဲ့ပြီး ယခုအချိန်ထိ ညီလာခံ ကျင်းပနိုင်ခြင်းမရှိသေးပေ၊ ၂၀၁၁  နိုဝင်ဘာလတွင်ပါတီပြန်လည်မှတ်ပုံတင်ခဲ့ပြီးနောက် ပါတီ ခေါင်းဆောင် နေရာများပြောင်းလဲခဲ့ပြီး ယခင်က အထွေထွေအတွင်းရေးမှုးအဖြစ်ဆောင်ရွက်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်မှာ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။