Saturday, May 19, 2012

နယ်မြို့များတွင် ဓါတ်ဆီဈေးအမြင့်ဈေးဖြင့် ကွာဟချက်ရှိ

ရန်ကုန်စက်သုံးဆီဈေးကွက်ထက် နယ်ဒေသများရှိ စက်သုံးဆီဈေးကွက်မှာ  အမြင့်ဈေးဖြင့် ကွာဟချက်ရှိ ကြောင်း  နယ်မြို့များရှိ စက်သုံးဆီဝယ်ယူသုံးစွဲနေသူများထံက သိရသည်။
 

ရန်ကုန် စက်သုံးဆီဈေးကွက်ရှိ ဓာတ်ဆီ တစ်ဂါလံ(၆ပုလင်းဝင်)လျှင် ကျပ် (၃၅၀၀)၀န်းကျင်သာရှိပြီး နယ်မြို့ များတွင် ဓါတ်ဆီ တစ်ဂါလံလျှင် ကျပ် (၄၃၀၀) မှ (၄၇၀၀)ထိ ဈေးများရှိကြောင်း၊ ရန်ကုန်ဓါတ်ဆီဈေးနှုန်းနှင့် နယ်မြို့များရှိဓါတ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ကျပ်(၈၀၀) ခန့်ဈေးနူန်းကွာဟကြောင်း သိရှိရသည်။   
      
ဓာတ်ဆီဈေးနူန်း မြင့်တက်လာခြင်းမှာ သယ်ယူစရိတ်မြင့်တက်ခြင်း၊ ပြည်ပမှ စက်သုံးဆီဝင်ရောက်မူကျ ဆင်းပြီး ဈေးကွက်လိုအပ်ချက် များရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
 
“ဒီဘက်မှာ ရန်ကုန်က ဓါတ်ဆီနဲ့ တရုတ်ဘက်က၀င်တဲ့ ဓါတ်ဆီဆိုပြီး နှစ်မျိုးရှိတယ်။ အစိုးရဆီ သွားထုတ်ရင် စာအုပ်နဲ့သွားထုတ်ရတာ  ဆိုတော့ အဆင်မပြေဘူး။ ဆီက သိပ်လဲမကြည်ဘူး။ ဒါကြောင့် ဈေးကြီးပေးရတဲ့ တရုတ်ဆီကို အသုံးများတယ်” ဟု ရှမ်းပြည် နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ဦးထအွန်းထွန်းဟိန်က ပြောသည်။ 
 
ရှမ်းပြည်နယ်ဘက်သို့ ပြည်တွင်း(အစိုးရ)မှ ရောင်းချပေးနေသောဈေးနှုန်းမှာ ဧပြီလကုန်ခါနီးတွင် တစ်ဂါလံလျှင် ကျပ် (၂၅၀၀) ၀န်းကျင်ရှိခဲ့ရာမှ မေလဆန်းပိုင်းတွင် တစ်ဂါလံလျှင် ကျပ် (၃၅၀၀) ၀န်းကျင်သို့လည်းကောင်း၊ တရုတ်ဘက်မှ ၀င်သော ဓါတ်ဆီဈေးနှုန်းများမှာ ဧပြီလကုန်ခါနီးတွင် တစ်ဂါလံလျှင် ကျပ်(၄၀၀၀)၀န်းကျင်ရှိခဲ့ ရာမှ မေလဆန်းပိုင်းတွင် တစ်ဂါလံလျှင် ကျပ် (၄၇၀၀)၀န်းကျင်သို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
 
အလားတူ မော်လမြိုင်တွင်လည်း ဓါတ်ဆ်ီတစ်ဂါလံလျှင် ဧပြီလကုန်ခါးနီ၌ ကျပ် (၄၀၀၀)၀န်းကျင်ရှိခဲ့ရာမှ မေလ ဆန်းပိုင်းတွင် တစ်ဂါလံလျှင် ကျပ် (၄၅၀၀)၀န်းကျင်ခန့် မြင့်တက်လာခဲ့ကြောင်း၊ ထိုသို့ မြင့်တက်လာခြင်းမှာ မြ၀တီနယ်စပ်ဘက်မှ ဆီအ၀င်နည်းခြင်းကြောင့်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။    
 
“ရန်ကုန်ဘက်နဲ့တော့ ကွာမှာပဲလေ။ ဒီမှာက ဆိုင်ကယ်တွေ အစီးများတော့ ဆီအ၀င်နည်းတယ်ဆိုရင် ဈေး တွေက တက်လာတာပဲ ပြီးတော့ ဒီအထိရောက်ဖို့ အဆင့်ဆင့်သယ်ရတာဆိုတော့ သယ်ယူစရိတ်တွေ ကြောင့်လဲ ပါတာပေါ့ ” ဟု မုတ္တမမြို့ နတ်ကြီးချောင်မှ စက်သုံးဆီရောင်းသူ ဦးသန်းဝင်းက ပြောသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။