Saturday, May 19, 2012

 High -Art ဆံပင်တုစက်ရုံဘက်မှ ညှိနှိုင်း လစာအတိုင်းပေးမည်ဟု စာချုပ်ချုပ်ဆိုပြီးနောက် ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုမှု ထပ်မံဖြစ်ပွား

လှိုင်သာယာစက်မှုဇုန်(၄)ရှိ High-Art (HiMo) ဆံပင်တုစက်ရုံဘက်မှ ညှိနှိုင်းလစာအတိုင်း ပေးမည်ဟုဆိုကာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုမှု များ မေလ ၁၇ ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် မေလ ၉ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့များတွင် လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းပြေလည်မှုရရှိခဲ့ကြောင်း၊ သို့သော် စက်ရုံဘက်မှ အ ဆိုပါ ညှိနှိုင်းထားသည့် အချက်များအတိုင်း ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် မေလ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆန္ဒပြတောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့ကာ အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်းပေးသဖြင့်မေလ ၁၆ ရက်နေ့တွင် ပြေလည်မှုရရှိသွားကြောင်း သိရသည်။ ထိုသို့ ညှိနှိုင်းပြေလည်၍ စက်ရုံဘက်မှ အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးခြင်းအား တရားဝင်စာဖြစ် ထုတ်ပြန်ပေးရန် အလုပ်သမားများဘက်မှ တောင်းဆိုရာ စက်ရုံဘက်မှ ထုတ်ပြန်ပေးခြင်း မရှိသောကြောင့် မေလ ၁၇ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခန့်မှ စတင်ကာ တတိယအကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
''ပိုင်ရှင်အန်တီကြီးနဲ့ အလုပ်သမားဝန်ကြီးဌာနက သူတွေနဲ့ အားလုံးသဘောတူပြီး ကျွန်မတို့တောင်းဆိုတဲ့အတိုင်း ပေးမယ်လို့ ၁၆ ရက်နေ့က ပြောတယ်။ အဲဒါကိုစက်ရုံက သူတွေအားလုံး သိအောင်လို့ စာကပ်ခိုင်းတာကို စာကပ်မပေးဘူး။ ပြီးတော့ စက်ရုံမန်နေဂျာက ဒီစာချုပ်က တရားမ၀င်ဘူး။ ပိုင်ရှင်အန်တီကြီးကိုလည်း ဆက်သွယ်လို့မရဘူး။ အဲဒီအတွက်ကြောင့် တောင်းဆိုတာတွေကို မလုပ်ပေးနိုင်ဘူးလို့ ပြောတယ်။ တစ်ကယ်လို့ ညှိနှိုင်းချင်တယ်ဆိုရင် စက်ရုံမှာရှိတဲ့ ကိုရီးယားကိုယ်စားလှယ်နဲ့ ညှိလို့ အဲဒီမန်နေဂျာက ပြောတယ်''ဟု High-Art (HiMo) ဆံပင်တုစက်ရုံမှ အလုပ်သမားခေါင်ဆောင်တစ်ဦးမှ ပြောပါသည်။

ယင်းသို့ ထပ်မံဆန္ဒထုတ်ဖော် တောင်းဆိုဖြစ်ပွားမှုအား အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းလျက်ရှိပြီး အလုပ်သမားများ တောင်ဆိုထားသော အခြေခံလစာ ၈၀၀၀ကျပ်အား ၃၀၀၀၀ ကျပ်သို့ စက်ရုံဘက်မှ တိုးမြှင့်ပေးနိုင်ခြင်း မရှိကြောင်း၊ အခြေခံလစာ ၈၀၀၀ကျပ်အား ၁၈၀၀၀ ကျပ်သို့ တိုးမြှင့်ပေးမည်ဖြစ်ကာ ရက်မှန်ကြေး ၅၀၀၀ကျပ်နှင့်စုစု ပေါင်း ၂၃၀၀၀ ကျပ်သာ တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

High-Art (HiMo) ဆံပင်တု စက်ရုံမှအလုပ်သမားများမှာ စက်ရုံဘက်မှ တိုးမြှင့်ပေးသော နှုန်းထားများအား လက်ခံနိုင်ခြင်းမရှိကြောင်း၊ ထပ်မံညှိနှိုင်း တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ မေလ ၁၇ ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန် ၄ ရှိ စက်ရုံများဖြစ်သော စံပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင်စက်ရုံများဘက်မှ  ၄င်းတို့ပေးနိုင်သည့် နှုန်းထားကြေညာချက် ထုတ်ပြန်ထားပြီး ယင်းကြေညာချက်ပါ နှုန်းထားများအတိုင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း၊ လုပ်ငန်းခွင်သို့ သတ်မှတ်ရက်အတွင်း မ၀င်ရောက်သူများအား မိမိသဘော ဆန္ဒအလျောက် အလုပ်မှနုတ်ထွက်သည်ဟု ယူဆ၍ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ကြေညာထားပြီး၊ အလုပ်သမားများဘက်မှလည်း ၄င်းတို့ တောင်ဆိုသည့် နှုန်းထားအတိုင်း မရရှိသည့်အတွက် ဆက်လက်ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။