အခြေခံပညာမူလတန်းးများ၌ ကျောင်းအပ်လက်ခံရာတွင် သတ်မှတ်ငွေကြေးထက် ပိုမိုတောင်းခံပါက အရေးယူသွားမည်ဟု
ဆိုထားသော်လည်း အချို့ကျောင်းများမှာ သတ်မှတ်ငွေကြေးထက် ပိုမိုကောက်ခံ
လျက်ရှိနေဆဲဖြစ်ကြောင်းကျောင်းသားမိဘများထံမှ သိရှိရသည်။
အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် ငွေကြေးတောင်းခံထိရောက်သည့် အရေးယူမှုများပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ပြည်တွင်းမီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၁-၁၂ ပညာသင်နှစ်မှစ၍ အခမဲ့မူလတန်း ပညာရေး စနစ်အား စတင်ကာအစိုးရ ကျောင်းများအား ငွေကြေးကောက်ခံခြင်းမပြုရန် အသိပေးထားသော်လည်း ယခု ပညာသင်နှစ်မှစ၍ ထိရောက်စွာဖြင့် ဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ လက်ရှိကျင့်သုံးနေသော ပညာရေးစနစ်အရ သူငယ်တန်းမှ စတုတ္တတန်းအထိ အခမဲ့ သင်ယူနိုင်မည်ပြီး ယခုနှစ်တွင် ကျောင်းသုံးစာအုပ်အပြည့်အစုံနှင့်ဗလာစာအုပ် ခြောက်အုပ်စီရမည်ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိထားသည်။
“သူငယ်တန်းတက်ဖို့ ဖောင်တင်ရတယ်။ဖောင်ဝယ်ဖို့အတွက် (၁)သိန်းပေးပြီးတာတောင် ကျောင်းမ တက်ရသေးပဲ၊ နာမည်စာရင်း ထုတ်ပြန် သေးတယ်။ အဲဒီနာမည်စာရင်း ဆိုတာကလည်း ကျောင်းမှာ ပိုက်ဆံထပ်ပေးနိုင်မဲ့ ကလေးတွေကိုမှ ရွေးပြီးထုတ်ပြန်တာ။ စာရင်းထဲမှာပါမှ ကျောင်းတက် ခွင့်ရတာ၊စာရင်းမှာမပါရင် ကျောင်းမတက်ရပဲ ပေးထားတဲ့ ပိုက်ဆံလည်း ပြန်မရတော့ဘူးကျောင်း တက်ရင်လည်း အလှူငွေကို ထပ်တောင်းတော့ ထပ်ပြီးပေးရသေးတယ်”ဟု အထက(၂)စမ်းချောင်းမှ သူငယ်တန်းကျောင်း အပ်လျက်ရှိသောကျောင်းသားမိဘတစ်ဦးကပြောသည်။
အချို့ကျောင်းများမှာ အလှူငွေနည်းနည်းထည့်သည့် ကလေးများအား အဆင့်အတန်းခွဲခြား ဆက်ဆံမည်စိုးသဖြင့် မိဘများက သတ်မှတ်ငွေကြေးထက်အလှူငွေပိုမိုထည့်လေ့ရှိကြောင်း သိရှိရသည်။
‘’ဆရာမတွေကတော့ ဘာမှမပြောဘူး၊ စာသင်ရင် ကလေးတွေကို နှိမ်မှာစိုးလို့ အလှူငွေ(၅၀၀၀) ထည့်ခဲ့တယ်”ဟု အမက(၅) သင်္ကန်းကျွန်းတွင် ကျောင်းအပ်ခဲ့သောကျောင်းသားမိဘတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ အခြေခံပညာကျောင်းအချို့မှာ လက်ရှိအချိန်အထိကျောင်းအပ် လက်ခံခြင်း မရှိသေးပေ။ တာမွေမြို့နယ်နှင့်မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိအခြေခံပညာကျောင်းအချို့မှာမေ(၂၀)ကျော်မှ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ပညာသင်နှစ်မှစ၍ သူငယ်တန်းမှ စတုတ္တတန်းအထိ အခမဲ့ပညာသင်ယူနိုင်ပြီး ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့် ဗလာစာအုပ်ခြောက်အုပ်စီရမည် ဖြစ်သည်။ ပဉ္စမတန်းမှ တက္ကသိုလ်ဝင် တန်းအထိ ကျောင်းအပ်ခနှင့် စာအုပ်ဖိုးမှာ အများဆုံး ကျပ် (၄၅ဝဝ)သာ ပေးရမည်ဟုပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။