Monday, April 30, 2012

ရန်ကုန်မြို့ လျှပ်စစ်မီးပျက်မှုအား ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်းယာဉ်တင်မီးစက်လေးလုံး ငှားရမ်းထား


ရန်ကုန်မြို့တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုများအပေါ် ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်း ယာဉ်တင်မီးစက်ကြီးလေးလုံးအား ငှားရမ်းထားကြောင်း နေပြည်တော်တွင်ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်မှုများအပေါ် လုပ်ဆောင်မှုများနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ''ရန်ကုန်မှာ လျှပ်စစ်မီးပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်သမ္မတကြီးကလည်း စိတ်မကောင်းဖြစ်ရပါ တယ်။ လျှပ်စစ်(၁)၊ (၂) ၀န်ကြီးတွေနဲ့ အမြဲတမ်း ဆွေးနွေးညှိနှိုင်း အဖြေရှာလျက်ရှိပါတယ်။ လူဦးရေ တိုးတက်လာတယ်၊ လူတွေရဲ့ သုံးစွဲမှု များလာတယ်၊ ရေအားလျှပ်စစ်ကို အဓိက မှီခိုရတဲ့အတွက် နွေရာသီမှာ ရေနည်းလာတယ်။ လတ်တလော ကုစားတဲ့နည်းကတော့ ပြည်ပကိုရောင်းနေတဲ့အချိုးကို ပြန်ဝယ်ပြီး Grid ထဲကို ထည့်တယ်။ ဒါကတစ်ခုပါ။ ချို့ယွင်းနေတဲ့ တာဘိုင်တွေကို တလောက အမေရိကန် GE ကုမ္ပဏီက ဒုတိယဥက္ကဋ္ဌ ဂျွန်ရိုက်လာပြီး သမ္မတကြီးနဲ့ တွေ့တယ်။ သမ္မတကြီးက ဒါလေးဆွေး နွေးတော့ သူတို့လူတွေကို နောက်နေ့ ချက်ခြင်းလွှတ်ပေးပြီး အဲဒီစက်တွေရဲ့ အခြေအနေကြည့်တော့ သာကေတမှာ စက်ချို့ယွင်းနေတယ်။အလားတူချို့ ယွင်းနေတဲ့ စက်နှစ်မျိုးကိုလည်း အခမဲ့ ပြင်ပေးဖို့ လုပ်နေတယ်။ နောက်တစ်ချက်က ၂၅မဂ္ဂါဝပ်ရှိတဲ့ မိုဘိုင်းယာဉ်တင် မီးစက်တွေရှိတယ်။ ၀ယ်မှာလား ငှားမှာလား မေးတယ်။ မီးစက် ၄ လုံးငှားဖို့ အကြောင်းပြန်လိုက်တယ်။ လေယာဉ်အင်ဂျင်နဲ့ လုပ်ထားတာလို့ ပြောတယ်။ မကြာခင် အမြန်ပို့ဖို့ ပြောထားပါတယ်။ ရန်ကုန်မြို့ မီးအခြေအနေကို ကုစားဖို့အတွက်ပါ။ မီးက အရေးကြီးပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့သူတွေလာရင် ဒီမီး အနေအထားနဲ့တော့ မြှုပ်နှံလို့မရဘူးလို့ ပြောတာမျိုးတောင်ရှိတယ်''ဟု မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ လုံလောက်စွာ မရရှိသည့်အတွက် ရပ်ထားရကြောင်း၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်ရောက်ရှိမှသာ သဘာဝဓာတ်ငွေ့ ယခုထပ်ပိုမိုရရှိမည်ဖြစ်ရာ လတ်တလော ကုစားရန်အတွက် နည်းလမ်းများ ရှာဖွေလုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

''သဘာဝဓာတ်ငွေ့ကလည်း ၂၀၁၄၊ ၂၀၁၅ ခုနှစ်လောက်ရောက်မှ ထပ်ရမယ်။ အခု သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့တောင် ရပ်ထားရတယ်။ သဘာဝဓာတ်ငွေ့သုံး စက်ရုံဆောက်မယ်ဆိုရင် အနည်းဆုံး တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် အချိန်ယူရမယ်။ ကျောက်မီးသွေးသုံး စက်ရုံဆောက်လည်း ဒီလိုပဲ အချိန်ယူရဦးမယ်။ ဒီကြားထဲမှာ မီးပျက်ရင် ဘယ်လိုနေမလဲ။ ကျွန်တော်ဆိုလည်း မနေနိုင်ပါဘူး။ အဲဒီအတွက် လတ်တလော ကုစားဖို့ နည်းလမ်းတွေ ရှာဖွေ လုပ်ဆောင်ပေးနေတာပါ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။