Monday, April 30, 2012

ရခိုင်တွင် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေယာဉ်များ ဒီရေအပေါ်မူတည်သွားလာနေရ

ရခိုင်တွင် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေယာဉ်များ ဒီရေအပေါ်မူတည်သွားလာနေရ



ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများမှာ တစ်စထက်တစ်စတိမ်ကောလာသည့်အတွက် ခရီးသွားရေယာဉ်များမှာ သွား ရေးလာရေး အခက်ကြုံနေရကြောင်း သိရသည်။
 
“စစ်တွေကနေ မင်းပြားသို့သွားတဲ့ ရေလမ်းကြောင်းလဲ အရင်ထက် တိမ်ကောလာတယ်၊ ဒီရေကျတဲ့ အချိန်ဆိုရင် ဒီကုလားတန်   မြစ်ဝမှာ သောင်တွေဖြစ်နေတယ်၊ အဲ့တော့ ရေယာဉ်တွေ သွားလာရ ခက်ခဲလာတာပေါ့၊ ကုလားတန်မြစ်ဝကို   မော်တော်တွေနဲ့ဖြတ်တဲ့အခါ ကွေ့ပတ်ပြီး ဖြတ်ရတယ်၊ တည့်တည့် ဖြတ်ရင် ခဏခဏသောင်တင်တယ်ဗျာ့” ဟု မင်းပြား-စစ်တွေ ခရီးသွားရေယာဉ်မောင်းသူတစ်ဦးက ပြောသည်။
 
လေးမြို့မြစ်ဖျားရှိ ကျားရဲပြင်နေရာတွင်လည်း သောင်တင်မှုပိုများလာသည့်အတွက်  ဒီရေအတက်အကျဖြင့် သွားနေရကြောင်း သိရသည်။
 
“မင်းပြားကနေစစ်တွေသို့မော်တော်ရေယာဉ်နဲ့သွားတဲ့အခါ ကျားရဲပြင်ဆိုတဲ့ နေရာ တွေမှာဆိုရင် ဒီရေကျတဲ့ အချိန် ဘယ်လိုမှ သွားလို့မရဘူး ဒီရေတက်မှသွားရတာ၊ဆိုတော့  ရေကြောင်းနဲ့ ခရီးသွားရတာ ကြန့်ကြာ သွားတာပေါ့’’ ဟု စက်မောင်းသူတစ်ဦးက ပြောသည်။
 
ရေကြောင်းဖြင့်သာသွားလာနေရသည့်မာန်အောင်မြို့နယ်တွင် မြစ်ကြောင်းတိမ်ကောလာသဖြင့် နှစ်စဉ် ရေကြောင်းရှင်းလင်းနေရကြောင်း မာန်အောင်မြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုးထွန်းက ပြောသည်။
 
“မာန်အောင်မြို့အဝင်ရေလက်ကြားဆိုရင်  မြစ်ကြောင်းတိမ်ကောလာတဲ့အတွက်  မြစ်ကြောင်းတူးဖော်မှုကို နှစ်စဉ်လုပ်နေရတာမြင်တွေ့ရပါတယ်၊  မြစ်ကြောင်းဟာ တဖြည်းဖြည်းနဲ့တိမ်ကောလာတဲ့ အခါ သင်္ဘောတို့ မော်တော်ရေယာဉ်တို့ သွားလာရခက်ခဲလာတယ်’’ဟု ၄င်းက ရှင်းပြသည်။
 
မြစ်ကြောင်းတိမ်ကောလာသည်အတွက် မာန်အောင်မြို့အဝင်မြစ်ကြောင်းကို နှစ်စဉ်ရှင်းလင်းပေး နေရကြောင်း သိရသည်။
 
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက်လမ်းပမ်းဆက်သွယ်ရေးရှိသော်လည်းကုန်စည်ပို့ဆောင်ရာမှာ ကုန်းလမ်း ကြောင်းသည် စရိတ်ပိုများသည့်အတွက် ရေလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်သည်။ကျေးလက်နေ ပြည်သူအများစုမှာ ခရီးသွားရာတွင်ကုန်းကြောင်းထက် ရေကြောင်းဖြင့်သွားလာမှု ပိုများသည်။
 
“ကျမတို့ မင်းပြားကနေ စစ်တွေကိုသွားမယ်ဆိုလို့ရှိရင် ရေကြောင်းနဲ့သွားပါတယ်၊ ကားနဲ့ သွားရင်လူက မသတ်သာဘူး ၊ကားလမ်းက ကြမ်းတယ်ဆိုတော့ မော်တော်ရေယာဉ်နဲ့ဘဲ သွားဖြစ်ပါတယ်’’ ဟု မင်းပြားမြို့မှ ခရီးသွားတစ်ဦးက ပြောသည်။
 
ထိုအပြင် ကုန်စည်ပို့ဆောင်ရာမှာလည်း ရေကြောင်းကို အသုံးများကြောင်း သို့သော် တစတစ မြစ်ကြောင်းများ တိမ်ကောလာသဖြင့် ကုန်စည်များကိုမော်တော်ရေယာဉ်များဖြင့် သယ်ယူရာတွင် တန်ချိန်လျော့ပြီး သယ်ယူနေ ရကြောင်းလည်း ကုန်စည်သယ်ယူပို့ဆောင်သူများ၏ ပြောဆိုချက်များအရ သိရသည်။
မိုးဝေ (ရခိုင်ပြည်နယ်- မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။