Monday, April 30, 2012

GSM မိုလိုင်းလ်ဖုန်းဘေလ်စနစ်အား ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ပြောင်းလဲအသုံးပြုနေ


GSM မိုလိုင်းလ်ဖုန်းဘေလ်စနစ်အား ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ပြောင်းလဲအသုံးပြုနေ



ဖုန်းဘေလ်ဆောင်ခြင်းစနစ်ဖြင့်သုံးစွဲရသော GSM မိုလိုင်းလ်ဖုန်းများအား မေလ ၁ ရက်နေ့မှစတင်ကာ Prepaid card (ကြိုတင်ငွေဖြည့်ကဒ်) စနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

 

“ကြိုတင်ငွေဖြည့်ကဒ်စနစ်အနေနဲ့ မေလ(၁) ရက်နေ့မှာစတင်သုံးစွဲလို့ရပါပြီ။ ဒီစနစ်ကိုပြောင်းလဲအသုံးပြုဖို့ အရင်က တည်းက ဖုန်းတွေကို အကြောင်းကြားထားပြီးပါပြီ”ဟု ဆက်သွယ်ရေးလုပ်ငန်း ၀န်ထမ်းတစ်ဦးကပြောသည်။

ကြိုတင်ငွေဖြည့်ကဒ်စနစ်ကိုပြောင်းလဲရန် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှစ၍ GSM ဖုန်းများသို့ အကြောင်းကြားစာ(SMS) များ ပေးပို့ထားပြီးဖြစ်ကြောင်း အဆိုပါစနစ်သို့ပြောင်းလဲလိုသူများမှာ ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းများသို့ ပေးပို့ထားသော အ ကြောင်းကြားစာ(SMS) တွင် ပြောင်းလဲလိုကြောင်း(YES)အား နိုပ်ရမှာဖြစ်ကြောင်း ၎င်းကပြောသည်။

“ဇန်န၀ါရီလကစပြီးပေးပို့ထားတဲ့ SMS တွေမှာ ပြောင်းလဲအသုံးပြုဖို့ သဘောတူတဲ့သူတွေကို သက်ဆိုင်ရာ ဖုန်းနယ်မြေ အလိုက် ပြောင်းလဲပေးသွားမှာပါ။ ဒီစနစ်ကိုမပြောင်းလိုပဲ ဘေလ်ဆောင်တဲ့စနစ်ကိုပဲ ကြိုက်တဲ့သူတွေအတွက်လဲ ဘဏ် တွေနဲ့ ချိတ်ဆက်ပေးသွားမှာပါ”ဟု အဆိုပါတာဝန်ရှိသူက ဆက်ရှင်းပြသည်။

ကြိုတင်ငွေဖြည့်ကဒ်စနစ်ကို မပြောင်းလဲလိုသူများအတွက် မြန်မာ့စီးပွားရေးဘဏ်၊ AGD ဘဏ်နှင့် ယူနိုက်တက် အမရာ ဘဏ်တို့တွင် Online စနစ်ဖြင့် ဖုန်းဘေလ်များပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အဲဒီ့ အကြောင်းကြားစာက ကျွန်တော့်ဆီကိုရောက်တာကြာလှပြီ။ ဒီစနစ်ကိုလည်း ပြောင်းစေချင်နေတာကြာပြီ။ ဘေလ် ဆောင်ရတဲ့စနစ်က လူတိုင်းစိတ်ပျက်နေတာကြာပါပြီ။ ဖုန်းဘေလ်တစ်ခါဆောင်ရင် အချိန်တစ်ရက် ကုန်တယ်။အခုလိုမျိုး ဆိုတော့ကောင်းပါတယ်”ဟု GTC တက္ကသိုလ်ကျောင်းသာတစ်ဦးဖြစ်သည့် ကိုကိုမောင်ကပြောသည်။


ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။