Saturday, March 16, 2013

မြန်မာ့ ရေငန်ပုစွန် အမေရိကန်ကုမ္ပဏီ ဆက်လက်ဝယ်ယူနေ

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချနေသော ရေငန်ပုစွန်များကို အမေရိကန် ကုမ္ပဏီက ဆက်လက် ဝယ်ယူနေကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

"လက်ရှိအနေအထားအရ တင်ပို့နိုင်သလောက် ဝယ်ယူနေတာပါ။ အိုးရှင်းဟားဗက် မြန်မာ ကုမ္ပဏီကနေ အမေရိကန်ကုမ္ပဏီကို တိုက်ရိုက်တင်ပို့နေပါတယ်" ဟု ထိုအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။

ရေငန်ပုစွန် တင်ပို့မှုအတွက် ရွှေယမုံကုမ္ပဏီမှာ ဂျပန်ကုမ္ပဏီမှ တဆင့် တန် ၃၀၀ တင်ပို့ရန် အမှာစာရရှိထားပြီး အိုရှင်းဟားဗက်မြန်မာ ကုမ္ပဏီိအနေဖြင့် အကန့်အသတ်မရှိတင်ပို့ရန် အမှာစာ ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

"အမေရိကန် ကုမ္ပဏီတခုက မြန်မာရေငန်ပုစွန်ကို တင်ပို့သလောက် ဝယ်ယူမယ်ဆိုပြီး အမှာရထားတဲ့အတွက် မေလ ၁၅ ရက်မှာ ၁၆ တန်ကို အမေရိကန်ကို တိုက်ရိုက်တင်ပို့ပါမယ်" ဟု အိုရှင်းဟားဗက်မြန်မာ ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးမြတ်အောင်ညွှန့် က ဆိုသည်။

ယင်းကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလီစ်မြို့ရှိ Red Chamber ကုမ္ပဏီသို့ တင်ပို့ရောင်းချခြင်း
ဖြစ်သည်။

အိုရှင်းဟားဗက် မြန်မာကုမ္ပဏီမှာ အမေရိကန်၏ FDA ခွင့်ပြုချက် လက်မှတ် ရရှိထားပြီး ဖေဖေါ်ဝါရီ ၂၂ ရက်က လည်း ရေငန်ပုစွန် ၁၆.၁၆ တန်ကို Red Chamber ကုမ္ပဏီသို့ တင်ပို့ခဲ့သည်ဟု ဆိုသည်။

"ရေငန်ပုစွန်ကို ပို့သလောက်ယူမှာ ဆိုတော့ မတ်လ မကုန်မီ နောက်ထပ် ၁၇ တန်လောက် ထပ်တင်ပို့နိုင်အောင် ကြိုးစားနေပါတယ်" ဟု ဦးမြတ်အောင်ညွှန့် က ဆက်ပြောသည်။

အိုရှင်းဟားဗက်မြန်မာကုမ္ပဏီကို ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ငါးမြစ်ချင်း၊ ကကတစ် အသားလွှာ၊ ငါးတံ၊ ကင်းမွန်၊ ပုစွန် စသည့် ရေထွက်ကုန်များကို သြစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်နှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ အဓိကတင်ပို့နေကြောင်း သိရသည်။

အခွန်ကင်းရှင်းကြောင်း သက်သေခံ မယူဘဲ ပြည်ပသို့ သွားရောက်နိုင်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ခွါရာတွင် မတ်လ ၁၅ ရက်နေ့မှ စတင်၍ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် မလိုဘဲ ထွက်ခွါနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

"ပြည်သူလူထု၏ အခက်အခဲအတားအဆီးများကို ဖြေလျှော့ဆောင်ရွက်ပေးသည့်အနေဖြင့် ပြည်ပ ထွက်ခွါမည့် သူများ အားလုံးဟာ (အခွန်ကြွေးကျန်ရှိသူတွေမှ အပ) သက်သေခံလက်မှတ် ဂ ပုံစံ ( ပတခ-၀င-၁၂) ထောက်ခံချက် မလိုဘဲ ပြည်ပကို ခရီးသွားလာနိုင်ပြီ ဖြစ်ပါတယ်" ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခင်က ပြည်ပသို့ ခရီးသွားမည့် နိုင်ငံသားများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် ဂ ပုံစံ ရယူရန် လိုအပ်ခဲ့သည်။

"အဟန့်အတားတခုကို ထပ်ပြီးဖြည်လျှော့ပေးတာပါပဲ။ ဒီပုံစံ တခုကို ရရှိဖို့ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ
ပေးဆပ်ကြရတာပါ။ အထူးသဖြင့် အချိန်လု လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အတော်အဆင်
ပြေသွားမယ်။ အရေးတကြီးကိစ္စ ပေါ်လာရင် ချက်ချင်း သွားလို့ရပြီ" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦး က ဆိုသည်။

ပြည်ပ ထွက်ခွါခွင့် ပုံစံ လျှောက်ထားရန် မလိုဘဲ ခရီးသွားလာနိုင်ပြီ

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ပနိုင်ငံများသို့ ခရီးသွားလာရန်အတွက် ပြည်ပ ထွက်ခွါခွင့် ပုံစံ လျှောက်ထားရန်မလိုတော့
ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနမှ ပြောဆိုလိုက်သည်။

"မတ်လ ၁၅ ရက်က စပြီး ပြည်ပထွက်ခွါရာမှာ ဖြည့်စွက် လျှောက်ထားရတဲ့ ပုံစံ ဃ (Form-D) မလိုဘဲ ပြည်ပကို အလွယ်တကူ ထွက်ခွါနိုင်ပြီ ဖြစ်ပါတယ် " ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦိးက ပြောသည်။

ယခင်က ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ခွါလိုသည့်အခါ ထိုပုံစံ ဃ ကို ဖြည့်စွက် လျှောက်ထားရပြီး မှန်ကန်၍ ခွင့်ပြုချက် ရမှသာ ပြည်ပသို့ ထွက်ခွါခွင့် ရကြသည်။

"အရင်က ပြည်ပထွက်ခွါတာကို ထိန်းချုပ်မှု အနေနဲ့ သုံးခဲ့တာပါ။ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ သွားလာနေကြရတဲ့ ဒီနေ့ခေတ်မှာ ပုံစံ ဃ က ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေခဲ့ပါတယ်။ ဆိုက်ရောက် ဗီဇာတောင် ပေးထားမှတော့ ပုံစံ ဃကို ဖျက်သိမ်းသင့်တာ ကြာပါပြီ" ဟု အင်္ဂလိပ် ဧည့်လမ်းညွှန် ဦးညီညီိ က ဆိုသည်။

ပုံစံ ဃ မှာ ပြည်ပထွက်ခွါလိုသူ နိုင်ငံသားတဦးက ဘဏ်ဖွင့်ရက်များတွင်သာ လျှောက်ထား ရယူနိုင်သည်။

"ပြည်ပကို ချက်ချင်းသွားရမယ့်ကိစ္စ ပေါ်လာရင် ဘဏ်မှာ ငွေသွင်းလျှောက်ရတဲ့အတွက် စနေ၊ တနင်္ဂနွေလို ဘဏ်
ပိတ်ရက်နဲ့ တိုးရင် စောင့်ရရော။ ပြည်ပထွက်ဖို့ အဟန့်အတား တခုကို ဖြည်လျှော့ပေးလိုက်တာလို့ပဲ မြင်ပါတယ်" ဟု စီးပွားရေး ဆွေးနွေးမှုများအတွက် ပြည်ပခရီးစဉ်များ သွားရလေ့ရှိသူ လုပ်ငန်းရှင် ဦးမြင့်ငွေ က ပြောကြားသည်။

မဂ္ဂ၀ပ် ၄၀၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဆန်းစစ်သွားမည်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများသို့ ရောင်ချသွားရန်ရှိ


3.15.2

ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး

ကယားပြည်နယ် ဘောလခဲ ခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများအား ရောင်းချသွားရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။

တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူ တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက် ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့်အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

"လက်ရှိ မဂ္ဂါဝပ် ၄၀၀၀ ထွက်မယ့် ရေကာတာက အခုမှ မြေသားတိုင်းမှုကိုသာ စလုပ်နေပါသေးတယ်။ နောက်ပြီး စီမံကိန်းကိုလည်း နောက်နှစ်လောက် ကြာမှ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သဘာဝ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရယ်တွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတိုင်းတာပြီး ပြုလုပ်သွားမှာပါ။ သူတို့က ဆိုးကျိုးရှိတယ် ဆိုရင်တော့ ရေကာတာကို ရပ်ဆိုင်းမှုတွေ ပြုလုပ်မယ်၊ ဘာသက်ရောက်မှု မရှိဘူးဆိုရင် ရေကာတာကို အကောင်အထည်ဖော်မယ်၊ လျှပ်စစ်တွေ ပိုလျှံရင်လည်း အိမ်နီးချင်း နိုင်ငံတွေကို ရောင်းသွားဖို့ ရှိပါတယ်" ဟု ကယားပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

စက်ယန္တရား အများအပြားဖြင့် မြေစာများအား တူးဖော်သယ်ယူမှုပြုပြီး ဓာတ်သတ္တုများ၊ ရွှေများအား သန့်စင်ပြီး တရုတ်နိုင်ငံသို့ မြေသယ်ယာဉ်များဖြင့် ပို့ဆောင်မှုများနှင့် လုံခြုံရေးတပ်အင်အား အများအပြား ချထားကြောင်းကို တွေ့ရသည်ဟု စီမံကိန်းနှင့် နီးစပ်ရာ ဒေသံခံများက ပြောပြခဲ့သည်။

လက်ရှိအချိန်တွင် အကောင်အထည် ဖော်မည်ဖြစ်သော ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကသာ လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသေးကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးထံမှ သိရသည်။

"လက်ရှိက ပြည်သူတွေကို ထုတ်ဖော်ပြောသင့်တာ ရှိသလို ထုတ်ဖော်မပြောသင့်တဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဘာ့ကြောင့် လုံခြုံရေး အင်အားတွေ ရှိသလဲဆိုတော့ မြေတိုင်းတာမှုတွေ ပြုလုပ်နေစဉ်မှာ မလိုလားတဲ့ သူတွေက ၀င်ရောက်တားဆီး နှောက်ယှက်မှုတွေ ရှိလာနိုင်တာကြောင့်ပါ" ဟု ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလမတိုင်မီ လွှတ်တော်ရုပ်သံအသစ် ထုတ်လွှင့်မည်

၂၀၁၃ ခုနှစ် နိုဝင်ဘာလမတိုင်မီ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည့် Free To Air (အခမဲ့) လိုင်းသစ်များတွင် လွှတ်တော် ရုပ်သံလိုင်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ယင်းကဲ့သို့ Free To Air (အခမဲ့) လိုင်းသစ်များ ထုတ်လွှင့် ပေးနိုင်ရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဂျစ်တယ်လွှင့်စက် အလုံး ၂၀ ၀ယ်ယူ တပ်ဆင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဘတ်ဂျတ်တွင် ထည့်သွင်း လျာထားကြောင်း၊ ထိုသို့ဒီဂျစ်တယ် စက်သစ်များ တပ်ဆင်၍ အဆင့်ဆင့် ဒီဂျစ်တယ်စနစ် ထူထောင်ပြီးပါက ရုပ်မြင်သံကြားလိုင်း လေးလိုင်းခန့် Free To Air (အခမဲ့) တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထုတ်လွှင့်လျက်ရှိသော MRTV-4 ရုပ်သံလိုင်းသည် မြန်မာ့ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိက ဖက်စပ်ထုတ်လွှင့်ခြင်း ဖြစ်ပြီး Free To Air (အခမဲ့) ကိုမူ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များ၌သာ ထုတ်လွှင့်ထားကာ ကျန်နေရာများတွင် အခမဲ့ဖမ်းယူ၍ မရရှိနိုင်ကြောင်း၊ လွှတ်တော်ရုပ်သံလိုင်းကို မြန်မာရုပ်မြင်သံကြားနှင့် ဖက်စပ်ဖြစ်သော Sky Net မှ နှစ်နာရီခန့် နောက်ကျ (Delay) ဖြင့် လွှတ်တော် အစီအစဉ် အစအဆုံး ထုတ်လွှင့်ပေးလျက်ရှိပြီး မိဘပြည်သူများ ကြည့်ရှုနိုင်ရန် စီစဉ်ထားပေးကြောင်း ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ရုပ်မြင်သံကြား အစီအစဉ်များကို ထပ်ဆင့်အသံလွှင့်ရုံ ၂၂၇ ရုံ တည်ဆောက်၍ Free To Air (အခမဲ့)လိုင်း ထုတ်လွှင့်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၉၂ ဒဿမ ၇ ရာခိုင်နှုန်းက ဖမ်းယူရရှိကြောင်း၊ သို့ရာတွင် လွှင့်စက်အားလုံးသည် Analog စက်များ တပ်ဆင်ထုတ်လွှင့်နေသောကြောင့် Analog စနစ်သည် လိုင်းတစ်လိုင်းသာ ထုတ်လွှင့်နိုင်ပြီး အစီအစဉ် အမျိုးမျိုး ထည့်သွင်းနိုင်ကြောင်းနှင့် လွှင့်စက်တစ်လုံးတည်းတွင် တစ်ပြိုင်တည်း အခြားလိုင်း တစ်လိုင်း ထပ်မံထုတ်လွှင့်၍ မရနိုင်ကြောင်း သိရသည်။

ဖီဖာမှထုတ်ပြန်သော မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ မြန်မာလက်ရွေးစင် အမျိုးသားအသင်း အာဆီယံဒေသတွင်း၌ အဆင့်(၄)နေရာ ရောက်ရှိလာ

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ ထုတ်ပြန်သော မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ရမှတ် (၁၄၇) မှတ်ရရှိခဲ့ပြီး အဆင့် (၉) ဆင့် တက်လာကာ အဆီယံဒေသ အတွင်း၌ အဆင့်(၄)နေရာ ရောက်ရှိလားကြောင်း သိရှိရသည်။ မြန်မာ အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁၆၄)ရှိခဲ့ပြီး ယခုထုတ်ပြန်မှုအရ အဆင့်(၉)ဆင့် တက်လာပြီး ကမ္ဘာ့အဆင့် (၁၅၅)သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျင်းပခဲ့သော AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ဂူအမ်နှင့် အိန္ဒိယအသင်းများကို အနိုင်ရရှိပြီး တိုင်ပေအသင်းနှင့် သရေကျကာ ရလဒ်များ ကောင်းမွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဆင့်မြင့်တက် လာခဲ့ခြင်းလည်း ဖြစ်သည်။

မတ်လရပ်တည်မှုအရ အာဆီယံဒေသတွင် မြန်မာအသင်းသည် အဆင့် (၄) နေရာသို့ ရောက်ရှိလာခဲ့ပြီး ဗီယက်နမ်အသင်းက ရမှတ် (၂၃၉) မှတ်ဖြင့် အဆင့်(၁)နေရာကို ဦးဆောင်ထားသည်။     မတ်လကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် စပိန်အသင်းက ရမှတ်(၁၆၁၀)ဖြင့် ဦးဆောင်ထားပြီး အာရှအဆင့် (၁) နေရာကို ဂျပန်အသင်းက ရမှတ်(၈၁၁)မှတ်ဖြင့် ရရှိထားသည်။

အရှေ့တောင်အရှအသင်းများရပ်တည်မှု

အဆင့်                  အသင်း(ရမှတ်)

၁၂၉။            ဗီယက်နမ်(ရမှတ်-၂၃၉မှတ်)

၁၃၅။            ထိုင်း(ရမှတ်-၂၂၀မှတ်)

၁၄၅။            ဖိလစ်ပိုင်(ရမှတ်-၁၇၃မှတ်)

၁၅၅။            မြန်မာ(ရမှတ်-၁၄၇မှတ်)

၁၆၂။            စင်ကာပူ(ရမှတ်-၁၃၃မှတ်)

၁၆၄။            မလေးရှား(ရမှတ်-၁၂၉မှတ်)

၁၆၆။            အင်ဒိုနီးရှား(ရမှတ်-၁၂၁မှတ်)

၁၆၈။            လာအို(ရမှတ်-၁၁၈မှတ်)

၁၈၅။            ကမ္ဘောဒီးယား(ရမှတ်-၅၈မှတ်)

၁၈၆။            ဘရူနိုင်း(ရမှတ်-၅၂မှတ်)

၁၈၆။            အရှေ့တီမော(ရမှတ်-၅၂မှတ်)

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကဒ်များကို ငွေကျပ်ထောင်ဂဏန်းဝန်ကျင်ဖြင့် ရောင်းချမည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ် ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချမည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သော GSM Sim Card ဈေးနှုန်းများမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှုကို လက်ရှိအချိန်တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ရပ်ဆိုင်းထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

"ဖုန်းကတ်တွေ ထောင်ဂဏန်းဝန်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်ပေါ်မှာတော့ တက်နေတယ်ပြောတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန်အထိ ညွှန်ကြားထားတာ မရှိသေးပါဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

မဟာမြတ်မုနိ ဘုရားကြီးမှာ အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွား