Saturday, March 16, 2013

မြန်မာ့ ရေငန်ပုစွန် အမေရိကန်ကုမ္ပဏီ ဆက်လက်ဝယ်ယူနေ

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချနေသော ရေငန်ပုစွန်များကို အမေရိကန် ကုမ္ပဏီက ဆက်လက် ဝယ်ယူနေကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

"လက်ရှိအနေအထားအရ တင်ပို့နိုင်သလောက် ဝယ်ယူနေတာပါ။ အိုးရှင်းဟားဗက် မြန်မာ ကုမ္ပဏီကနေ အမေရိကန်ကုမ္ပဏီကို တိုက်ရိုက်တင်ပို့နေပါတယ်" ဟု ထိုအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။

ရေငန်ပုစွန် တင်ပို့မှုအတွက် ရွှေယမုံကုမ္ပဏီမှာ ဂျပန်ကုမ္ပဏီမှ တဆင့် တန် ၃၀၀ တင်ပို့ရန် အမှာစာရရှိထားပြီး အိုရှင်းဟားဗက်မြန်မာ ကုမ္ပဏီိအနေဖြင့် အကန့်အသတ်မရှိတင်ပို့ရန် အမှာစာ ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

"အမေရိကန် ကုမ္ပဏီတခုက မြန်မာရေငန်ပုစွန်ကို တင်ပို့သလောက် ဝယ်ယူမယ်ဆိုပြီး အမှာရထားတဲ့အတွက် မေလ ၁၅ ရက်မှာ ၁၆ တန်ကို အမေရိကန်ကို တိုက်ရိုက်တင်ပို့ပါမယ်" ဟု အိုရှင်းဟားဗက်မြန်မာ ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးမြတ်အောင်ညွှန့် က ဆိုသည်။

ယင်းကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလီစ်မြို့ရှိ Red Chamber ကုမ္ပဏီသို့ တင်ပို့ရောင်းချခြင်း
ဖြစ်သည်။

အိုရှင်းဟားဗက် မြန်မာကုမ္ပဏီမှာ အမေရိကန်၏ FDA ခွင့်ပြုချက် လက်မှတ် ရရှိထားပြီး ဖေဖေါ်ဝါရီ ၂၂ ရက်က လည်း ရေငန်ပုစွန် ၁၆.၁၆ တန်ကို Red Chamber ကုမ္ပဏီသို့ တင်ပို့ခဲ့သည်ဟု ဆိုသည်။

"ရေငန်ပုစွန်ကို ပို့သလောက်ယူမှာ ဆိုတော့ မတ်လ မကုန်မီ နောက်ထပ် ၁၇ တန်လောက် ထပ်တင်ပို့နိုင်အောင် ကြိုးစားနေပါတယ်" ဟု ဦးမြတ်အောင်ညွှန့် က ဆက်ပြောသည်။

အိုရှင်းဟားဗက်မြန်မာကုမ္ပဏီကို ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ငါးမြစ်ချင်း၊ ကကတစ် အသားလွှာ၊ ငါးတံ၊ ကင်းမွန်၊ ပုစွန် စသည့် ရေထွက်ကုန်များကို သြစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်နှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ အဓိကတင်ပို့နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။